သတင်း

ဟုမ္မလင်းနှင့် ဖားကန့် မြို့နယ် ၂ခု စပ်ကြား စစ်ကောင်စီနှင့် KIA တိုက်ပွဲပြင်းထန်နေ

ဖားကန့်မြို့နယ် ဆယ်ဇင်းဘက်သို့ စစ်ကူတက်လာသော စစ်ကောင်စီအဖွဲ့နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား ယနေ့ည ၂နာရီခွဲဝန်းကျင်တွင် ဟုမ္မလင်းနှင့် ဖားကန့် မြို့နယ် ၂ခုစပ်ကြားတွင် တိုက်ပွဲ ဖြစ်ပွားနေကြောင်း ဒေသခံသတင်းအရင်းအမြစ်မှ သိရသည်။

KIA တပ်မဟာ ၉ တပ်ရင်း ၂၆ နယ်မြေ တိုက်ပွဲဖြစ်ပွားနေသော ဆယ်ဇင်းကျေးရွာအနီး အေးချမ်းသာရွာဘက်သို့ တိုက်ခိုက်ရန် စစ်ကိုင်းဘက်မှ ရှမ်းနီ SNA တပ်သားများအပါ စစ်ကောင်စီတပ် ၂၀၀ ဝန်းကျင်ခန့် တက်လာသော စစ်ကြောင်းကို ဟုမ္မလင်းမြို့နယ် ရွှေတွင်းရွာနှင့် ရွှေပြည်မြင့် ကျေးရွာ ၂ခုကြားရှိ မန်စိမ်းချောင်းအနီးတွင် KIA က ကြားဖြတ်တိုက်ခိုက်ခဲ့သဖြင့် တိုက်ပွဲဖြစ်ပွားနေသည်ဟု ဆယ်ဇင်းဒေသခံ အမျိုးသားတစ်ဦး KNG သတင်းဌာနကို ပြောဆိုသည်။

“စစ်ကိုင်းဘက်ကနေ တက်လာတဲ့အဖွဲ့တဲ့ မြို့နယ် ၂ခုစပ်ကြားမှာ တိုက်ပွဲစဖြစ်နေတယ်။ ဟိုဘက်ကနေ တက်လာတဲ့ အဖွဲ့ကို KIA က ကြားဖြတ်စောင့်တိုက်တာ။ သူတို့က အခု တိုက်ပွဲဖြစ်နေတဲ့ နေရာဘက် စစ်ကူလာတာ။ ဖားကန့်မြို့နယ်ဘက်ထဲ ရောက်ဖို့အရမ်းနီးနေပြီ။ ၁၅ မိနစ်လောက်ဘဲ လိုတော့တယ်”ဟုပြောဆိုသည်။

ဟုမ္မလင်းနှင့် ဖားကန့် စပ်ကြားတွင် KIA နှင့် တိုက်ပွဲဖြစ်ပွားနေသော အဖွဲ့သည် ယမန်နေ့ ၄နာရီဝန်းကျင်ခန့်တွင် စစ်ကိုင်းဘက်မှတက်လာသော ရှမ်းနီ SNA တပ်သားများနှင့်စစ်ကောင်စီပူးပေါင်းတပ်တို့ဖြစ်သည်။

လက်ရှိ ၃ ရက်ခန့်အကြာ တိုက်ပွဲဖြစ်ပွားနေသော ဆယ်ဇင်းအနီးတွင်လည်း စစ်ကောင်စီတပ်နှင့် KIA တို့ကြား ၂ဖက်တပ် စောင့်ကြည့်ကာ စစ်ရေးတင်းမာလျက်ရှိနေပြီး ယနေ့နံနက်ပိုင်း ၉နာရီဝန်းကျင်ခန့်တွင်လည်း စစ်ကောင်စီဘက်မှ ဂျက်လေယာဉ် တစ်စီးဖြင့် လာရောက်ဗုံးကျဲတိုက်ခိုက်ခဲ့သည်ဟု ဒေသခံများပြောဆိုချက်မှသိရသည်။

ထိုနေရာတွင် ယမန်နေ့တွင်လည်း စစ်ကောင်စီဘက်မှ တစ်ရက်အတွင်း ၃ကြိမ်ထက်မနည်း ဂျက်လေယာဉ်ဖြင့် လာရောက်ဗုံးကျဲတိုက်ခိုက်မှုရှိခဲ့ပါသည်။

စစ်ကောင်စီဘက်မှ လေကြောင်လိုင်းအသုံးပြုကာ ဗုံးကျဲတိုက်ခိုက်မှုကြောင့် ဆယ်ဇင်းကျေးရွာအနီးတဝိုက်တွင်ရှိသော ဒေသခံပြည်သူများတစ်ချို့လည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရပါသည်။

ဆယ်ဇင်းတွင်ဖြစ်ပွားနေသော တိုက်ပွဲသည် ဇူလိုင်လ ၁၆ရက်နေ့ တာမခန်ဘက်ဆင်းလာသော စစ်ကောင်စီတပ်ကို ဆယ်ဇင်းကျေးရွာအနီးတွင် KIA ဝိုင်းရံပိတ်ဆို့ထားကာ တိုက်ခိုက်ခဲ့သည့်အတွက် တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်။ထိုနေရာတွင် လက်ရှိအချိန်အထိ စစ်ကောင်စီတပ်ဘက်မှ စစ်အင်အား ၇၀ ဝန်းကျင်ခန့် ဝိုင်းရံ ပိတ်ဆို့ခံထားရဆဲဖြစ်သည်ဟု ရှေ့တန်း KIA သတင်းအရင်းအမြစ်မှ စုံစမ်းသိရှိရပါသည်။

Show More

Related Articles

Back to top button