NLD အမတ် အောင်ဟိန်းမင်းအပါအဝင် KIA တပ်ရင်း ၆ မှ အရာရှိအချို့ကို KIA မှ ယာယီ ဖမ်းဆီးထိန်းသိမ်းထားသည်ဆိုသော သတင်းအမှား
ဖားကန့်မြို့ အနန့်ပါ တွင် စစ်ကောင်စီ မှ ဂျက်ဖိုက်တာ ၃ စီးဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရပြီးနောက် PDF စစ်ဒေသမှူး NLD အမတ် အောင်ဟိန်းမင်းအပါအဝင် KIA တပ်ရင်း (၆) မှ အရာရှိတချို့ကို KIA မှ ယာယီဖမ်းဆီးထိန်းသိမ်းလိုက်သည်ဆိုပြီး မဟုတ်မမှန် သတင်းအမှားဖြန့်ဝေထားသည်ကို တွေ့ရသည်။
အဆိုပါ သတင်းအမှားကို “Manaw Myay” ဆိုသည့် စစ်ကောင်စီလော်ဘီ ဖေစ့်ဘုတ်စာမျက်နှာတွင် အောက်တိုဘာလ ၂၆ ရက်နေ့တွင် ရေးသားဖြန့်ဝေခဲ့ပြီး ပြန်လည်မျှဝေသူ ၇၉ ယောက်ရှိနေပြီကို တွေ့ရသည်။
ဖော်ပြထားသောအကြောင်းအရာမှာ “ KIA တပ်မဟာ ၉ ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် PDF စစ်ဒေသမှူး NLD အမတ် အောင်ဟိန်မင်းအပါအဝင် ရင်း ၆ မှ အရာရှိတချို့ကို KIA မှ ယာယီဖမ်းဆီးထိန်းသိမ်း၊ လေကြောင်းတိုက်ခိုက်မှုအတွင်း PDF လေ့ကျင့်ရေး လက်နက်တိုက်ပေါက်ကွဲသွားပြီး KIAနှင့် PDF အဖွဲ့ဝင်အများအပြား သေဆုံး” ဆိုပြီး ဖော်ပြထားသည်ကို တွေ့မြင်နိုင်သည်။
NLD အမတ် အောင်ဟိန်းမင်း ကို KIA မှ ယာယီဖမ်းဆီးထိန်းသိမ်းထားသည် ဆိုသည့်အချက်ကို စုံစမ်း စစ်ဆေးကြည့်ရာတွင် သတင်းအမှားဖြစ်နေသည်ကို တွေ့ရပါသည်။
အဘယ်ကြောင့်ဆိုသော် အောင်ဟိန်းမင်း ၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် အောက်တိုဘာလ ၂၆ ရက်နေ့တွင် ❝ဖားကန့်-အနန့်ပါအတွက် ဝမ်းနည်းမှုကို တော်လှန်ရေးခွန်အားအဖြစ် အရှိန်မြှင့်ကြ❞ ဆိုပြီး မီးပိတ်သပိတ် လူထုလှုပ်ရှားမှုကြီး ဆင်နွှဲကြဖို့ ပြည်သူအားလုံးကို တိုက်တွန်းထားသည့်စာကို ရေးသားဖော်ပြထားသည်ကို တွေ့မြင်နိုင်သည်။
ထို့ကြောင့် အောင်ဟိန်းမင်းကို KIA မှ ယာယီ ဖမ်းဆီးထိန်းသိမ်းထားသည်ဆိုသော ဖော်ပြချက်မှာ သတင်းအမှားတစ်ခုသာ ဖြစ်သည်။
ဖားကန့်လွှတ်တော်ကိုယ်စားလှယ် အောင်ဟိန်းမင်းနှင့်ပတ်သက်ပြီး ပြည်သူလူထုကြား အထင်မှား အမြင်မှားဖြစ်အောင် ‘Manaw Myay’ နှင့် ‘ဗလမင်းထင်’ ဆိုသည့် စစ်လော်ဘီဖေ့စ်ဘုတ်စာ မျက်နှာများက ရည်ရွယ်ချက်ရှိရှိ မကြာခန ဝါဒဖြန့်သတင်းအမှား ရေးသားဖြန့်ဝေနေသည်ကို တွေ့ရသည်။
သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် သတင်းများကို ဖတ်ရှုရာတွင် ဒေသတွင်းသတင်း မီဒီယာများ၏ ဖော်ပြချက်များဖြင့် တိုက်စစ်မှသာ ယုံကြည်သင့်ပါသည်။