တိုက်ပွဲသတင်း

မိုးမောက် လုံဂျာဘွမ်ကို ထိုးစစ်ဆင်တိုက်ခိုက်နေသည့် ၇ ရက်အတွင်း စစ်တပ်မှ ထိခိုက်သေဆုံးမှု များပြား

မိုးမောက်မြို့အရှေ့ဘက် လုံဂျာ ဘွမ်(တောင်ကုန်း) ရှိ ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF တပ်ဖွဲ့ကို စစ်ကောင်စီမှ အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်နေဆဲ ၁ ပတ်အတွင်း စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ များပြားသည်ဟု ဒေသခံများထံမှ သိရသည်။

အောက်တိုဘာ ၂၂ ရက်နေ့မှစတင်ကာ မိုးမောက်မြို့အရှေ့ဘက် တောင်ကုန်းရှိ လုံဂျာဘွမ်ကို လေကြောင်း၊ ကုန်းကြောင်းဖြင့် စတင်တိုက်ခိုက်လာခြင်း ဖြစ်သည်။

ဒီနေ့ နေ့လယ်ပိုင်းထိပစ်နေတုန်းပဲ သူတို့က နေ့တိုင်းလိုလို မနက် ၇ နာရီ ၈ နာရီလောက် ကနေစပစ်ရင် နေ့လယ် တစ်နာရီလောက်ထိပစ်။ ကြားမှာနားလည်း ၁၀ မိနစ် ၁၅ မိနစ်လောက်ပဲနားတယ်။ တစ်နေကုန်းပစ်တာ မြေပြင်မှာလည်း ပစ်တယ် လက်နက်ကြီးတွေနဲ့လည်း သုံး လေး နေရာလောက်ကနေ ပစ်ကူတယ်။ စစ်သားအင်အားလည်း နေ့တိုင်းလိုလို ဖြည့်တယ်။ အင်အားအလွန်အကျွံသုံးပြီး တိုက်နေတာတောင် ၇ ရက်ရှိပြီ။ တောင်ကုန်းပေါ်ကနေကို မတက်နိုင်သေးဘူးဟု မိုးမောက်ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် လုံဂျာ ဘွမ် (တောင်ကုန်းကို တိုက်ခိုက်ရာတွင် အောက်တိုဘာ ၂၂ ရက်နေ့မှ ၂၄ ရက်နေ့အထိ သုံးရက်တိတိသည် ကုန်းကြောင်း၊ လေကြောင်းဖြင့် အင်အားသုံးတိုက်ခိုက်ခဲ့ပြီး မိုးမောက်အခြေစိုက် ခမရ ၄၃၇ တပ်၊ ဗန်းမော် ၄ မိုင်တပ်၊ ၃ မိုင်တပ်၊ ၂ မိုင်တပ်နှင့် မိုးမောက်မြို့အနောက်ဘက်ခြမ်းစသည့် နေရာငါးနေရာမှ လက်နက်ကြီးများဖြင့် နေ့စဥ် ပစ်ခတ်တိုက်ခိုက်နေကြောင်း သိရသည်။

၂၄ ရက်နေ့အထိတော့လေကြောင်းသုံးတယ် ဂျက်ဖိုက်တာနဲ့လာပစ်တယ်။ ဟတ်စကီးနဲ့လာပစ်တယ်ခုလေယာဥ်မလာတာ လေးရက်ရှိပြီ။ ဒါပေမယ့် စစ်သားအင်အားကတော့ နေ့တိုင်းပို့တယ် တစ်ရက်နဲ့တစ်ရက်မတူဘူး အင်အားက တစ်ရက်တလေက ၅၀ လောက်ပို့တယ် တစ်ရက်တလေတော့ ၁၀၀ လောက်ပို့တယ်ဗျ။ ဗန်းမော် မိုးမောက်လမ်းကနေပဲပို့တယ်။ စစ်သားတွေကိုတော့ ဒါတောင်သူတို့က နေ့တိုင်းအထိနာနေတယ်” ဟု မိုးမောက်မြို့မှ အမျိုးသားတစ်ဦးက ပြောသည်။

တိုက်ပွဲအတွင်း ထိခိုက်သေဆုံးသူများကို လူနာတင်ကားများဖြင့် နေ့တိုင်းလာရောက် သယ်ယူနေပြီး ၎င်းတို့ကို ဗန်းမော် ၄ မိုင် စစ်တပ်ဆေးရုံကြီးတွင် အပြင်လူနာများအတွက် ကုတင်မရှိတော့သည့်အထိ လူနာများနေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

စစ်ကောင်စီတပ် ရမ်းသမ်းပစ်ခတ်သည့် လက်နက်ကြီးကြောင့် အောက်တိုဘာ ၂၆ ရက်နေ့တွင် မံခွန်ကျေးရွာမှ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး အောက်တိုဘာလ ၂၄ ရက်နေ့ ခါနန်ရပ်ကွက် အ..က ကျောင်းရှေ့တွင် ကျရောက်ပေါက်ကွဲခဲ့ရာ အမျိူးသားတစ်ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့သည်။

စစ်ကောင်စီတပ်သည် လုံဂျာဘွမ်ကို ယခုကဲ့သို့ ကုန်းကြောင်း၊ လေကြောင်းတို့ဖြင် အင်အားသုံးတိုက်ခိုက်နေသည်မှာ ကုန်သွယ်ရေးအရ အရေးပါသည့် လွယ်ဂျယ်လမ်းနှင့် မြစ်ကြီးနား ကားလမ်းမကြီးတို့ ကြားတွင် ဗျူဟာကျ တည်ရှိနေသောကြောင့် ဖြစ်သည်ဟု မိုးမောက်ဒေသခံတစ်ဦးက သုံးသပ်ပြောဆိုသည်။

ကချင်ပြည်မှာက တရုတ်နယ်စပ်ကုန်သွယ်ရေးပြုလုပ်နေတာ တရားဝင် ၂ နေရာပဲရှိတယ်။ အားလုံးသိတဲ့အတိုင်း ကန်ပိုင်တီလမ်းနဲ့ လွယ်ဂျယ်လမ်း ၂ ခုရှိတယ်။ ဆိုတော့ ဒီဘက်လွယ်ဂျယ်ဘက်က နယ်စပ်ကုန်သွယ်ရေးကို သူတို့ ကာကွယ်သိမ်းပိုက်လိုတဲ့ အနေအထားဖြစ်လို့ ဒီဘက် လွယ်ဂျယ်ဘက် နီးစပ်တဲ့ KIA တပ်စခန်းတွေကို စိုးရိမ်ပြီး တိုက်ခိုက်တဲ့အခြေအနေလို့ မြင်တယ်။ သူတို့က ထိခိုက်ပြီး KIA ဘက်ဝင်ငွေရှိတဲ့ အနေအထားဆိုရင်လည်း သူတို့က အခုလို စစ်ရေးနဲ့တိုက်ခိုက်တာတွေလုပ်တယ်။” ဟု ဆိုသည်။

တိုက်ပွဲကြောင့် လုံဂျာဘွမ် (တောင်ခြေရှိ ဝဝမ်၊ ကွမ်ဘန်၊ ခါနန်၊ လုံဂျာ ရှိ ဒေသခံထောင်နဲ့ချီမှာ မိုးမောက်မြို့သို့ စစ်ရှောင်အဖြစ် ထွက်ပြေးနေရခြင်း ဖြစ်သည်။

Show More

Related Articles

Back to top button