သတင်း

ဖားကန့်တွင် ဓာတ်ဆီ တစ်ဂါလံ ကျပ် ၂၀၀၀၀ ကျော်အထိ စျေးတက်

ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် ဓာတ်ဆီတစ်ဂါလံ ကျပ် ၂၀၀၀၀ ကျော်အထိ စျေးတက်နေကြောင်း ဒေသခံများ ပြောသည်။

ဖားကန့်မြို့နယ်အတွင်းသို့ စက်သုံးဆီ တင်ပို့မှုကို စစ်ကောင်စီတပ်မှ အောက်တိုဘာ ၁၅ ရက်နေ့မှ ယနေ့ အောက်တိုဘာ ၃၁ ရက်နေ့အထိ နန့်ယား (Nam Ya) ဂိတ်တွင် တားမြစ်ထားဆဲဖြစ်သောကြောင့် လက်ရှိဖားကန့်မြို့တွင် ဆီပန်းဆိုင်ကြီးအချို့ပိတ်ထားသည်ဟု ဖားကန့် ဒေသခံတစ်ဦး ပြောသည်။

ဆီပန့်ဆိုင်ကြီးတွေမှာတော့ မရတော့ဘူးဗျ။ ပိတ်နေတာကြာပြီ အခုကဘယ်လို ဆိုင်လေးတွေမှာရလဲဆိုတော့ အပြင်ပုလင်းချိန်ရောင်းတဲ့ လမ်းဘေးဆိုင်တွေ ဆိုင်သေးလေးတွေမှာပဲရောင်းတယ်။ အဲ့တာတောင် တစ်ဂါလံကို ၂၂၀၀၀ တဲ့ တစ်သောင်းဖိုးဝယ်တာ တစ်လီတာကျော်ကျော် နည်းနည်းလေးပဲရတယ်ဟု အေးမြသာယာ ရပ်ကွက်မှ အမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါပုလင်းချိန်ရောင်းသည့် ဓာတ်ဆီဆိုင်များတွင်လည်း လူတစ်ဦးလျှင် တစ်ဂါလံနှုန်း အကန့်သတ်ဖြင့်သာ ရောင်းချပေးနေပြီး ဒီဇယ်မှာ လုံးဝပြတ်လပ်နေကြောင်း သိရသည်။

ဆိုင်သေးလေးတွေမှာ ဒီဇယ်တော့မရဘူးဗျဓာတ်ဆီပဲရတယ်။ ဒါပေမယ့်ကားတွေကတော့တချို့သွားနေကြတာပဲ။ တချို့ကအရင်ကတည်းက နှစ်ပေပါ သုံးပေပါထိကြိုဝယ်ထားကြတော့ သွားလာကြတာတော့ရှိတယ် ဆိုင်ကယ်အတွက်ပဲ စျေးကြီးလည်းထည့်နေကြတာပဲ မထည့်ပဲမှမရတာကို” ဟု ဖားကန့်ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ဖားကန့်တွင် ယခုကဲ့သို့ စက်သုံးဆီပြတ်လပ်ပြီး ဓာတ်ဆီးစျေးတက်နေသည့်အတွက် လူမှုကူညီရေးအသင်းများ၊ စက်သုံးဆီကို အမှီပြု၍ စီးပွားရေးလုပ်ကိုင်နေသည့် စီးပွားရေးလုပ်ကိုင်သူများ အခက်အခဲဖြင့်ရင်ဆိုင် ကြုံတွေ့နေရကြောင်း သိရသည်။

အခုက လူနာလာရင်လည်း ဘယ်လိုပြောနေရလည်းဆိုတော့ဆီကအဆင်မပြေဘူးပဲပြောနေရတာ တကယ့်လို့သွားရင်တောင်အရင်က မြစ်ကြီးနားကို လမ်းကြောင်းတစ်ကြောင်းထွက်ရင် ၈၀၀၀၀ လောက်ပဲကုန်တယ် အခုက ၃၀၀၀၀၀ လောက်ကုန်နေတာ အဲ့တော့အဆင်မပြေနိုင်ဘူးဗျ” ဟု ဖားကန့်အခြေစိုက်လူမှုကုညီရေးအသင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Show More

Related Articles

Back to top button