တိုက်ပွဲသတင်း

လုံဂျာဘွမ်တောင်ဘက်တွင် စစ်ကောင်စီ ၅ နေရာမှ လက်နက်ကြီးပစ်ခတ်နေသဖြင့် တောင်သူများ စပါးရိတ်သိမ်းချိန်ကျော်လွန်

တိုက်ပွဲပြင်းထန်သည့် မိုးမောက်မြို့ အရှေ့ဘက်ခြမ်း လုံဂျာဘွမ်တောင်ဘက်တွင် စစ်ကောင်စီတပ် လက်နက်ကြီးများ အဆက်မပြတ် ရမ်းသမ်းပစ်ခတ်မှုကြောင့် ဂျာဘွမ်တောင်ခြေအနီးတဝိုက် လယ်ယာစိုက်ပျိုးသည့် ဒေသခံတောင်သူများ လယ်လုပ်ငန်း အချိန်မှီ မရိတ်သိမ်းနိုင်သည့် ပြဿနာကြုံတွေ့နေရသည်ဟု သိရသည်။

အောက်တိုဘာလ ၂၂ ရက်နေ့မှစတင်ကာ စစ်ကောင်စီတပ်မှ လေကြောင်း ကုန်းကြောင်းလမ်းများဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည့်အတွက် လူနေရပ်ကွက်များနှင့် လယ်ခင်းများထဲ လက်နက်ကြီးများ ကျမှန်ပေါက်ကွဲမှုများဖြစ်ပွားခဲ့သည့်အတွက် ခါနန်၊ လုံဂျာနှင့် ဝဝမ် စသည့် ကျေးရွာ ၃ခု၏ တောင်သူများ လယ်ယာစပါးရိတ်သိမ်းယူရန် နှောင့်နှေးမှုရှိ နေသည်ဟု ဒေသခံတစ်ဦးက KNG ကိုပြောသည်။

ခါန်န်၊ လုံဂျာ၊ ဝဝမ်တစ်လျှောက်က ဒေသခံတွေရဲ့ လယ်ခင်းတွေမှာ လက်နက်ကြီးတွေ ကျမှန်တာတွေရှိတယ်။ တစ်ချို့လက်နက်ကြီးတွေဆို လယ်ကွင်းအပြင်ဘက် အနီးအနားမှာပဲ လာကျတာရှိတယ်။ အဲ့ကြောင့် ဘယ်သူမှ အသက်နဲ့ရင်းပြီး မရိတ်ရဲကြဘူး။ စစ်သားတွေက လက်နက်ကြီးတွေကို နေ့တိုင်းလိုလိုပစ်နေတယ်။ လယ်စပါးတွေကမည့်နေပြီ အခုထိ ဘယ်သူမှမသွားရဲကြသေးဘူးဟုဆိုသည်။

လုံဂျာဘွမ်တောင် တိုက်ပွဲဖြစ်ပွားသည့် နေရာဘက်တွင် မိုးမောက်အခြေစိုက် ခမရ ၄၃၇တပ်၊ ဗန်းမော် ၄ မိုင်တပ်၊ ၃ မိုင်တပ်၊ ၂ မိုင်တပ်နှင့် မိုးမောက်မြို့ အနောက်ဘက်ခြမ်း စသည့် ၅ နေရာခန့်မှ လက်နက်ကြီးများ နေ့တိုင်းလိုလိုပစ်ခတ်နေသောကြောင့် ဒေသခံတောင်သူများ လယ်မသိမ်းနိုင်သည့် အခက်အခဲကြုံတွေ့နေရခြင်းဖြစ်သည်။

ပြီးခဲ့တဲ့ ၂၆ ရက်နေ့ကလည်း လုံဂျာကွင်းမှာ ပြည်သူတစ်ယောက်ရဲ့ လယ်ခင်းထဲမှာပဲ လက်နက်ကြီးတစ်လုံးကျတယ် အဲ့နေ့က လူမရှိလို့ ဘာမဖြစ်လိုက်ဘူး။ လက်နက်ကြီးကျတဲ့ နေရာမှာက စပါးခင်းတွေ ပျက်စီးသွားတယ်။ မြေကြီးတွေလည်း ပြောင်းလှန်သွားတဲ့အထိပဲဟု နောက်ထပ် မိုးမောက်ဒေသခံတစ်ဦးက ပြောဆိုသည်။

လက်ရှိ ကျေးရွာ ၃ ခု၏ အမှည့်လွန်ပြီး မရိတ်သိမ်းနိုင်သေးသည့် လယ်ယာမြေ ဧက ၈၀၀ ဝန်းကျင်အထိရှိနေကြောင်း ဒေသခံများထံမှသိရသည်။

ထို့နောက် စစ်ကောင်စီတပ်ဖွဲ့ စစ်အင်အား ၄၀၀ ကျော်ခန့်သည် လက်ရှိတွင် လုံဂျာကျေးရွာအတွင်းရှိ ပြည်သူပိုင်နေအိမ်များတွင် တပ်စွဲနေထိုင်ထားသည်ဟုလည်းသိရသည်။

ယခုရက်ပိုင်းအတွင်း စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် မံခွန်ကျေးရွာ ယာခင်းတစ်နေရာတွင် လက်နက်ကြီး တစ်လုံးကျမှန်ပေါက်ကွဲမှုကြောင့် အမျိုးသမီတစ်ဦး အသက်သေဆုံးမှုရှိခဲ့ပြီး ခါနန်ရပ်ကွက် အထက်တန်းရှေ့ တွင်လည်း လက်နက်ကြီး တစ်လုံးကျကွဲခဲ့သည့်အတွက် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ထိုနည်းတူ အောက်တိုဘာလ ၂၉ ရက်နေ့တွင်လည်း မိုးမောက် ခါနန်ရပ်ကွက် ၃ နေအိမ်တစ်ခုတွင် ထပ်မံကျကွဲမှုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။

အောက်တိုဘာလ ၃၁ ရက်နေ့တွင် ခါနန်ရပ်ကွက်ရှိ မူကြိုကျောင်းအတွင်း လက်နက်ကြီးတစ်လုံး ကျမှန်ပေါက်ကွဲခဲ့သောကြောင့် ကျောင်းအဆောက်အဦးများ ထိခိုက်ပျက်စီးသွားကြောင်းသိရသည်။

Show More

Related Articles

Back to top button