တိုက်ပွဲသတင်း

မင်းကင်းနယ်တွင် စစ်ကောင်စီတပ်စခန်းတစ်ခုတိုက်ခိုက်ခံရပြီး ၅ ဦးအထက်သေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့နယ် သေမသောက်ရွာရှိ စစ်ကောင်စီနှင့် ပျူစောထီးအဖွဲ့တို့ ပူးပေါင်းနေထိုင်သည့် တပ်စခန်းတစ်ခုကို ဒေသကာကွယ်ရေးတပ်များစုပေါင်းပြီး ဝင်ရောက်တိုက်ခိုက်ခဲ့ရာတွင် စစ်ကောင်စီဘက်က ၅ ဦးထက်မနည်း သေဆုံးမှုရှိခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၁ ရက်နေ့ နံနက်ပိုင်း ၅ နာရီဝန်းကျင် စစ်ကောင်စီတပ်စခန်းတစ်ခုကို ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း ၁၊ တပ်ရင်း ၂၊ တပ်ရင်း ၄ တို့နှင့် ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ (S.R.F)တို့ပူးပေါင်းကာ သွားရောက်တိုက်ခိုက်ခဲ့သည်ဟု ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦး KNG ကိုပြောသည်။

တိုက်ပွဲအတွင်း သူတို့ဘက်က ရှေ့မှာတင် တစ်ခါတည်း ၅ ယောက်လှဲကျသွားတာတွေ့ရတယ်။ တစ်ချို့က ထိပြီး ဒဏ်ရာနဲ့တကွ ထွက်ပြေးတာတွေရှိတယ်။ သေဆုံးတဲ့ထဲမှာ ယူနီဖောင်းဝတ်စုံအပြည့်နဲ့ စစ်သားတစ်ယောက်ပါတယ်။ ကျနော်တို့ဘက်က ရဲဘော် ၂ယောက်က ထိခိုက်ဒဏ်ရာရသွားတယ်။ အဲ့ကြောင့် ကျနော်တို့ဘက်က တစ်ခါတည်း ခေါက်ပြန်သွားတယ်ဟုဆိုသည်။

တိုက်ပွဲအတွင်း ၂ ဖက်တပ် အပြန်အလှန် တစ်နာရီခန့်အကြာ ပစ်ခတ်မှုကြာမြင့်ခဲ့ပြီးနောက် PDF အဖွဲ့ဘက်က ပျူစောထီးများကိုင်‌ဆောင်သည့် Carbine M 2သေနတ်၃လက် သိမ်းဆည်းရမိခဲ့သည်ဟုသိရသည်။

ယခုလို စစ်ကောင်စီအဖွဲ့မှ ကြားဖြတ်တိုက်ခိုက်ခံရပြီးနောက် ထိုဒေသတွင် စစ်အင်အားဖြည့်တင်းမှုများ ဆက်လက်လုပ်ဆောင်နေသည်ဟု ဆက်သိရသည်။

သေမသောက်ကျေးရွာသည် မင်းကင်းမြို့၏ အရှေ့ဘက်ခြမ်းတွင်ရှိပြီး စစ်ကောင်စီ လက်အောက်ခံ ပျူစောထီအဖွဲ့ အများဆုံးနေထိုင်သည့် ကျေးရွာတစ်ခုဖြစ်သည်ဟုသိရသည်။

Show More

Related Articles

Back to top button