သတင်း

ရွှေကူဆိပ်ကမ်းတွင် ညအိပ်ခဲ့သည့်  စစ်သင်္ဘောမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် အိမ်မွေးတိရိစ္ဆာန်အများအပြားသေဆုံး

ရွှေကူမြို့ သင်္ဘောဆိပ်ကမ်းတွင် ညအိပ်ခဲ့သည့် စစ်သင်္ဘော ၇ စီးပေါ်မှ လက်နက်ကြီးများ ခြောက်လန့်ပစ်ခတ်မှုကြောင့် ရေလဲကျေးရွာပြည်သူများ၏  အိမ်မွေးတိရိစ္ဆာန်အများပြားသေဆုံးမှုရှိခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

နိုဝင်ဘာလ ၅ ရက်နေ့ ဗန်းမော်ဘက်မှ စစ်ရိက္ခာပို့ဆောင်ခဲ့ပြီး ကသာဘက်သို့ ဆုန်ဆင်းလာသည့် စစ်သင်္ဘော ၇ စီးသည် ရွှေကူသင်္ဘောဆိပ်ကမ်းတွင် ၂ ည တပ်စွဲအိပ်ခဲ့ရာတွင် လက်နက်ကြီး လက်နက်ငယ်များဖြင့် ၂ ရက်ဆက်တိုက် ပစ်ခတ်ခဲ့ကြောင်း ရွှေကူမြို့ ဒေသခံအမျိုးသမီးတစ်ဦးက KNG ကိုပြောသည်။

စစ်သားတွေက လက်နက်ကြီးတွေနဲ့ အကြီးအကျယ်ပစ်တော့ ရေလဲရွာသားတွေရဲ့ ကြက်၊ ဝက်၊ နွား တွေအများကြီး သေဆုံးသွားတယ်။ ရွာသားတွေက ရွာပြန်ရောက်သွားကြတော့ အဲ့ဒါတွေကြည့်ပြီး စိတ်မကောင်းဖြစ်နေကြတယ်ဟုပြောဆိုသည်။

အဆိုပါ စစ်သင်္ဘော ၇ စီးသည် နိုဝင်ဘာလ ၇ ရက်နေ့ နံနက်ပိုင်း ကသာဘက်သို့ ဆင်းသွားကြပြီး ရွှေကူမြို့ပေါ်တိမ်းရှောင်ခဲ့ကြသည့် ရေလဲ ဒေသခံပြည်သူများ ၃၀၀ ကျော်ခန့်သည် နေရပ်ပြန်နေထိုင်ကြပြီဖြစ်ကြောင်းသိရသည်။

စစ်ကောင်စီတပ်သည် ရွှေကူသင်္ဘော ဆိပ်ကမ်းမှ နိုဝင်ဘာလ ၅ရက်မှ ၆ရက်နေ့အထိ နံနက်ပိုင်း ၆ နာရီဝန်းကျင်မှ နေ့လည် ၁၂ နာရီအထိ ၂ရက်ဆက်တိုက် လက်နက်ကြီးများ ပစ်ခတ်ခဲ့သဖြင့် ယခုလို ရေလဲကျေးရွာဒေသခံပြည်သူများ အိမ်မွေးတိရိစ္ဆာန်အများအပြားသေဆုံးရှိခဲ့ရသည်။

ယနေ့နံနက်ပိုင်းအထိ ကျေးရွာအတွင်း လက်နက်ကြီးထိမှန်မှုကြောင့် သေဆုံးသွားသည့် နွားများ ၁၀ ကောင်ထက်မနည်းတွေ့ရပြီး ဝက်သေဆုံးမှုမှာ ၈ ကောင်ခန့်အထိရှိကာ အိမ်မွေးကြက်သေဆုံးမှုအများဆုံးဖြစ်ကြောင်း ဒေသခံများပြောဆိုသည်။

ရေလဲကျေးရွာနေပြည်သူများသည် စစ်ကောင်စီအဖွဲ့၏ စစ်သင်္ဘောများ ဆုန်ဆင်းလာသည်ဟု သတင်းများရရှိခဲ့သည့်နောက်ပိုင်း ဘေးလွတ်ရာသို့ ကြိုတင်ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်ဟုသိရသည်။

ရေလဲကျေးရွာ၏ တည်နေရာမှာ ရွှေကူမြို့အရှေ့ဘက် ဧရာဝတီမြစ်တစ်ဖက်ကမ်းတွင်ရှိပြီး အိမ်ခြေ ၆၀၀ ကျော်နေထိုင်သည့် ကျေးရွာတစ်ခုဖြစ်သည်။

Show More

Related Articles

Back to top button