စစ်ပြေးဒုက္ခသည်များသတင်း

ဒီပဲယင်းမြို့နယ်တွင် ကျေးရွာ ၁၂ ရွာခန့် မီးရှို့ဖျက်ဆီးခံရပြီး ဒေသခံ ၁ သောင်းကျော်အတွက် အကူအညီလိုအပ်နေ

စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းမြို့နယ်အရှေ့ဘက်ခြမ်းတွင် ဒီဇင်ဘာလ ၂ ရက်နေ့မှ စတင်ကာ တစ်ပတ်အတွင်း ကျေးရွာ ၁၀ ရွာ ထက်မနည်း မီးရှို့ဖျက်ဆီးခံခဲ့ရပြီး အဆိုပါ ကျေးရွာများမှ ဒေသခံပြည်သူသူများ ၁ သောင်းကျော်အတွက် အရေးပေါ်အကူအညီများလိုအပ်နေကြောင်း သိရသည်။

စစ်ကောင်စီ စစ်သားများနှင့် ပျူစောထီးအဖွဲ့ အင်အား ၁၀၀ ဝန်းကျင်က စစ်ကြောင်း ၂ ခုဖြင့် ဒီပဲယင်းမြို့နယ် အရှေ့ဘက်ခြမ်းတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့ ရွာအတွင်းဝင်ရောက်ကာ လူနေအိမ်များ မီးရှို့ဖျက်ဆီးမှုများပြုလုပ်ခဲ့သောကြောင့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည့် ပြည်သူများ စားနပ်ရိက္ခာများနှင့် အသုံးအဆောင်ပစ္စည်များ အရေးပေါ်လိုအပ်နေကြောင်း ဒီပဲယင်းစစ်ရှောင်ပြည်သူတစ်ဦး KNG ကိုပြောသည်။

အဓိကတော့ စားနပ်ရိက္ခာပိုလိုအပ်နေတယ် ထမင်းနပ်မှန်အောင် စားနေရတဲ့ ရွာတွေကနေတဆင့် မနည်းလုံးပန်းပြီး ကျွေးနေရတယ်။ ကျနော်တို့ဘက်လည်း အတတ်နိုင်ဆုံး ကူညီထောက်ပံ့ပေးနေပေမယ့် ရက်တွေကြာလာတော့ သိပ်မနိုင်လာတော့ဘူး ဖြစ်သလိုအဆင်ပြေအောင်ကြံနေရတယ် ပြည်သူတွေလည်း လှူကြပါတယ် ဒါပေမယ့် လိုအပ်နေဆဲပဲ ၇ ရက်ကြာ ရွာတွေကနေ့ စွန့်လာကြတာဆိုတော့ အများအကြီး ခက်ခဲနေကြပြီဟုပြောဆိုသည်။

လက်ရှိတွင် စစ်ရှောင်ပြည်သူများသည် နီးစပ်ရာ ကျေးရွာအတွင်းရှိ ဘုန်းကြီးကျောင်းနှင့် တောတောင်နေရာများတွင် တိမ်းရှောင်ခိုလှုံနေရပြီး ဆောင်းတွင်းကာလဖြစ်သည့်အတွက် စောင်နှင့် အဝတ်အထည်များလည်း လိုအပ်လျက်ရှိနေကြောင်း သူကဆက်ဆိုသည်။

စစ်ကောင်စီအဖွဲ့သည် လူနေအိမ်များ မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် စစ်ကြောင်းဝင်ရောက်လာသည့်အချိန်အတွင်း မရိုးကုန်းကျေးရွာမှ စိတ်ဝေဒနာရှင်တစ်ဦး၊ နများကျေးရွာမှ ပြည်သူ ၇ ဦးအပါအဝင် မရန်ကန်ကျေးရွာမှ ဦးဇင်းတစ်ပါးကိုလည်း လူဝတ်လဲဖမ်းဆီးခဲ့ပြီး ဖမ်းဆီးခံရသည့် ပြည်သူ စုစုပေါင်း ၂၆ ဦးလည်း ဖမ်းဆီးခဲ့သည်ဟု ဆက်သိရသည်။

ဒီပဲယင်းမြို့နယ်အရှေ့ဘက်ခြမ်းတွင် တစ်ပတ်အတွင်း ကျေးရွာပေါင်း ၁၂ ခုခန့် မီးရှို့ဖျက်ဆီးလိုက်သည်ဟုသိရပြီး အိမ်ခြေ ၃၀၀ ကျော်ရှိသည့် နများရွာနှင့် အင်ပင်ရွာ စသည့် အိမ် ၁၀ လုံးခန့်သာကျန်ရှိတော့ကြောင်း ဒေသခံများပြောဆိုချက်မှ သိရသည်။

အဆိုပါ ကျေးရွာ ၁၂ ခု ကျော် မီးရှို့ဖျက်ဆီးခဲ့သည့် စစ်ကောင်စီအဖွဲ့သည် ပြီးခဲ့သော နိုဝင်ဘာလ ၃၀ ရက်နေ့ ရေဦးမြို့မှ ထွက်ခွာလာသည့် စစ်ကြောင်းသိရသည်။

Show More

Related Articles

Back to top button