တိုက်ပွဲသတင်း

ဖားကန့် Maden Yang တိုက်ပွဲတွင် စစ်တပ်ဘက်မှ ထိခိုက်မှုနှင့် သေဆုံးမှု ၅၀ ဦး ထက်မနည်းရှိ

ကချင်ပြည်နယ် ဖားကန့်မြို့ Maden Yang (မှော်ပုံ)ကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တို့ကြား နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးသူ ၅၀ ဦး ထက်မနည်းရှိကြောင်း ဒေသခံများမှ သိရသည်။

ဒီဇင်ဘာလ ၅ ရက်နေ့မှစပြီး Maden Yang ကျေးရွာသို့ စစ်အင်အား ၃၀၀ ဝန်းကျင်နှင့် စစ်ကြောင်း ၃ ကြောင်းခွဲကာ ကျေးရွာ ဘာသာရေးအဆောက်အအုံများတွင် စစ်ကြောင်းထိုးဝင်ရောက်တပ်စွဲနေထိုင်သည့် စစ်ကောင်စီတပ်ဖွဲ့အား  ဒီဇင်ဘာလ ၆ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်တွင် KIA နှင့် PDF ပူးပေါင်းတပ်တို့ သွားရောက်တိုက်ခိုက်ရာမှ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရသည်။

သူတို့က ရွာထဲက ဘုန်းကြီးကျောင်းအနားတစ်ဝိုက်မှာ တပ်စွဲပြီးနေတဲ့ချိန် KIA PDF တွေက သွားတိုက်ခိုက်တာ  တော်တော်အထိနာသွားတယ်လို့ကြားတယ် ဒီဘက်ကတော့ ၃ ယောက်သေတယ်တဲ့ဟု ဒေသခံ တစ်ဦးက ပြောသည်။

ထိုသို့ တိုက်ခိုက်ခံရချိန် မဇွပ်ယန်အကျဉ်းထောင်အပြင် ဖားကန့်ဗျူဟာကုန်းမှလည်း ယမန်နေ့ည ၉နာရီဝန်းကျင်ထိ လုံးခင်းကျေးရွာ အုပ်စုအတွင်းရှိ မဒဲန်ယန်၊ ဆန်ခါ ၊ ဆိုင်းရာ ၊ မဇွပ်ယန် ၊ မှော်စီစာ၊ ကုဋေစသည့် ကျေးရွာဘက်သို့ လက်နက်ကြီးဖြင့် ယမ်းသမ်း ပစ်ခတ်ခဲ့သော်လည်း ယမန်နေ့ည တိုက်ပွဲတွင် အထိနာသွားသည့် စစ်ကောင်စီ စစ်ကြောင်းသည် ယနေ့နံနက် မှော်ပုံကျေးရွာမှ တပ်ပြန်လည်ဆုတ်သွားပြီဖြစ်ကြောင်း သိရသည်။

ထို့အပြင် ဒီဇင်ဘာ ၅ ရက်နေ့ စစ်ကောင်စီတပ် အင်အားအလုံးအရင်းဖြင့် ဝင်စီးခဲ့ချိန် မဒဲန်ယန် ကျေးရွာဘုန်းကြီးကျောင်းအတွင်း စုဝေးနေသည့် အရပ်သား ၁၈ ဦးကို PDF ဟု စွပ်စွဲပိတ်ဆို့ဖမ်းဆီးခဲ့ပြီး ယင်းတို့အနက် ၁၁ ဦးကို နိုဝင်ဘာလ ၆ ရက် ယနေ့နံနက် စစ်ကြောရေး ပို့လိုက်ကြောင်း ကျေးရွာနေအမျိုးသား တစ်ဦးက ပြောသည်။

အခြေအနေကတော့ မကောင်းဘူး ကျွန်တော်တို့ ဘက်က ၁၁ယောက်ပါသွားတယ်။ အစက ၁၈ ယောက်ဖမ်းထားတာ ကျန်တဲ့ သက်ကြီးရွယ်အိုနဲ့ ကလေးတွေပေါ့ ၇ နှစ်အရွယ် ၁၃ နှစ်အရွယ် ၁၄ နှစ်အရွယ် သုံးယောက်နဲ့သက်ကြီးရွယ်အိုတွေကိုပြန်လွတ်ပြီး လူငယ်လူလတ်ပိုင်းတွေကို ဖမ်း ခေါ်သွားတယ်ဟု ပြောသည်။

KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့က Maden Yang ကျေးရွာတွင် စစ်တပ်က ဖမ်းဆီးထားသော အရပ်သားများကို ကယ်ထုတ်ရန် သွားရောက်ခဲ့သော်လည်း နောက်ကျသွားသည့်အတွက် လက်လွတ်ခဲ့ရကြောင်း အထက်တွင်ဖော်ပြခဲ့သည့် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

သူတို့ကကျောင်းကိုအကာအကွယ်ယူပြီးနေထားတော့ ဒီ KIA PDF ဘက်ကလုပ်ရ ကိုင်ရခက်သွားတာ။ ဒီဘက်က ၂နာရီ နောက်ပိုင်းကတည်းကစပြီး ဝင်စီးပေမယ့် ပစ်တာခတ်တာ နည်းနည်းကြာသွားတော့ ဖမ်းထားတဲ့လူတွေကို မရလိုက်ဘူး သူတို့က ၂နာရီကတည်းက ခေါ်ထုတ်သွားပြီအဲ့ကနေဟုအထက်ဖော်ပြပါ အမျိုးသားက ပြောသည်။

ဖမ်းဆီးခေါ်ဆောင်သွားသည့် အရပ်သား ၁၁ ဦးတွင် အမျိုးသား ၄ ဦး နှင့် အမျိုးသမီး ၇ ဦးပါဝင်ပြီး အသက် ၂၀ ကျော်၊ ၃၀ ကျော် လူငယ် လူလတ်ပိုင်းများပါဝင်ကြောင်း သိရသည်။

သူတို့ ဖားကန့်ဗျူဟာကုန်းဘက်ကစစ်ကြောရေးပို့ထားတယ်သိရတယ် အဲ့မှာတစ်ပတ် ၁၀ ရက်လောက်တော့ကြာမှာပြီးမှ ရဲအချုပ်တို့ထောင်တို့ပို့မှာပဲ နာမည်စာရင်းတွေက အတည်ပြုနေတုန်း ၁၁ ယောက်ပဲ။ မြင်တာဘယ်သူဘယ်ဝါတွေပါသွားလဲ အတည်ပြုနေတုန်းတချို့လည်း ပုန်းရှောင်နေရတဲ့သူတွေရှိတယ်ဟု မမုံကျေးရွာမှ အမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိ Maden Yang ပြည်သူ ၃ ပုံ ၂ပုံခန့်က လုံးခင်း၊ ဆိုင်းရာ၊ ဖားကန့်မြို့ပေါ်များတွင် တိမ်းရှောင်နေရကြောင်းသိရသည်။

စစ်ကောင်စီတပ် စစ်ကြောင်းများ တပ်ဆုတ်သွားသော်လည်း အထိနာထားသည့်အတွက် အချိန်မရွေးတိုက်ပွဲဖြစ်လာနိုင်ကြောင်း ဒေသခံတစ်ချို့က သုံးသပ်ပြောဆိုသည်။

ဖားကန့်မြို့နယ် အနန့်ပါတွင် စစ်တပ်က လေယာဉ်နှင့် ပစ်ခတ်မှုကြောင့် အရပ်သားအစုအပြုံလိုက် သေဆုံးခဲ့ပြီးနောက် စစ်ကောင်စီတပ်သည် ဖားကန့်မြို့နယ်အတွင်းအပြင်တွင် စစ်ဆေးရေးတင်းကြပ်လာသည်သာမက ၎င်းတို့စစ်ကြောင်း ထိုးရာလမ်းတစ်လျှောက် ပြည်သူများကိုလည်း ဖမ်းဆီးခေါ်ဆောင်မှု များ ပိုမိုလုပ်ဆောင်နေသည်။

သို့သော် ဖားကန့်မြို့နယ်တွင် စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ဩဂုတ်လမှစပြီး ဖုန်းအင်တာနက် ဖြတ်တောက်ထားသည့်အတွက် ဖမ်းဆီးခံရသူ စာရင်းတိတိကျကျ ရယူရန် ခက်ခဲနေဆဲဖြစ်သည်။

Show More

Related Articles

Back to top button