သတင်း

ငွေပျော်စံပြ ကျေးရွာကို စစ်တပ်ဝင်စီးပြီး ရွာသား ၁၀၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွား

စစ်ရှောင်များကို နေရာချထားသော မြစ်ကြီးနားမြို့ ငွေပျော်စံပြကျေးရွာတွင် ယနေ့ မွန်းလွဲပိုင်းက စစ်ကောင်စီတပ် အင်အားအလုံးအရင်းဖြင့် ဝင်စီးပြီးနောက် ရွာသား ၁၀၀ ဝန်းကျင်ကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

ယနေ့ မွန်းလွဲပိုင်း ၃ နာရီခန့် စစ်ကား ၂ စီး၊ အင်အား ၈၀ ခန့်ဖြင့် ကျေးရွာအတွင်း သေနတ်ပစ်ဖောက်ဝင်ရောက်လာကာ မြင်သမျှ ယောက်ျားသားအားလုံးကို ဖမ်းဆီး ဆွဲခေါ်သွားကြောင်း ငွေပျော်စံပြကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။

“တအိမ်ပြီးတအိမ် သူတို့ တွေ့တွေ့သမျှ ရွာသားတွေကို သေနတ်ထောက်ပြီး အားလုံးကို ခေါ်သွားတာ။ အလုပ်ကပြန်လာသူတွေ၊ အိမ်ပြင်မှာရှိနေသူတွေ၊ အားလုံးပဲ ၁၀၀ တောင်ကျော်မယ်ထင်တယ်။ အဖွဲ့လိုက်ပဲ ၂၉ တပ်ဘက်ကို အားလုံးကိုခေါ်သွားတာ။“ ငွေပျော်စံပြ ကျေးရွာ ဒေသခံတစ်ဦးကပြောသည်။

စစ်ကောင်စီတပ်သည် တွေ့သမျှ တရွာလုံးရှိ အမျိုးသားများကို ဖမ်းခေါ်သွားခြင်းဖြစ်ကြောင်း ပြောသည်။

စစ်ရှောင်ပြည်သူများအား ပြန်လည်နေရာချထားသည့် ပလန ငွေပျော်စံပြကျေးရွာသည် KIA တပ်ရင်း ၁၁ နှင့် စစ်ကောင်စီတပ် ၂၉ တပ်ရင်း ကြားတွင် တည်ရှိသည်။

ထို့ကြောင့် စစ်တပ်မှ ထိုရွာထဲတွင် PDF နှင့်  KIA မှ မကြာခဏ လာရောက်မှုရှိကြောင်း သတင်းရရှိထားသဖြင့် ယနေ့ညနေတွင် ရုတ်တရက်ဝင်ရောက်လာပြီး အမျိုးသားများကို ဖမ်းဆီးသွားခြင်းဖြစ်သည်။

ပလန ငွေပျော်စံပြကျေးရွာသည် မြစ်ကြီးနားမြို့မှ ၁၃ မိုင်ခန့်အကွာတွင် တည်ရှိကာ ၂၀၁၄ ခုနှစ်တွင် အစိုးရမှ စစ်ရှောင်ပြည်သူများကို ပြန်လည်နေရာချထားပေးသည့် ကျေးရွာတစ်ခုဖြစ်ကာ အိမ်ခြေ ၅၀၀ ခန့်ရှိသည်ဟု သိရသည်။

Show More

Related Articles

Back to top button