သတင်း

ကုန်စိမ်းသည် အမျိုးသမီး ၄ ဦးကို PDF ကိုထောက်ပံ့သည်ဟု ဖမ်းဆီးအမှုဖွင့်

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် နားခါ ကျေးရွာမှ ဒေသခံ အမျိုးသမီး ၄ ဦးကို စစ်ကောင်စီက PDF ကို ထောက်ပံ့သည်ဟု စွပ်စွဲကာဖမ်းဆီးပြီး အမှုဖွင့်ထားကြောင်း သိရသည်။

နားခါကျေးရွာမှ ဒေါ် ခင်မာဦး၊ ဒေါ်အေးဆန်း၊ ဒေါ်ခင်စောထွေး(ခ) မေရှားနှင့်ဒေါ်မဲရှင်(ခ) ဒေါ်မဲ တို့သည် ဒီဇင်ဘာ ၂၉ ရက်နေ့ အင်းတော် မနက်စျေးတွင် ကုန်စိမ်းရောင်းနေစဥ် ဖမ်းဆီးခံလိုက်ရပြီး သူတို့ကို စစ်ကောင်စီက အကြမ်းဖက်မှုပုဒ်မဖြင့် တရားစွဲဆိုထားကြောင်း အင်းတော် PDF မှတာဝန်ရှိသူတစ်ဦးကပြောသည်။

”ခုထိတော့ အင်းတော်ရဲစခန်းအချုပ်ထဲမှာပဲ ထိမ်းသိမ်းထားတုန်း၊ အကြမ်းဖက်မှုနဲ့အမှုဖွင့်ထားတယ်။ အကြမ်းဖက်မှုနဲ့ဆိုတော့ ကသာကို ပို့လောက်တယ်။ သူတို့ကို PDF ထောက်ပံ့တယ်ဆိုပြီး ဖမ်းတာ။ တကယ်ထောက်ပံ့လား မထောက်ပံ့လား ကျနော်တို့လည်းမသိဘူး သူတို့ပဲစွပ်စွဲပြီးဖမ်းတာ” ဟု အင်းတော် PDF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယင်းအမျိူးသမီး ၄ ဦးသည် ဒလံသတင်းပေးမှုကြောင့် ဖမ်းခံလိုက်ရခြင်းဖြစ်ကြောင်း အင်းတော် PDF က ဆက်လက် ပြောဆိုသည်။

ဖမ်းခံရသည့် ယင်းအမျိုးသမီးလေးဦးကို အကြမ်းဖက်မှုဖြင့် အမှုဖွင့်ထားကြောင်း စစ်တပ်လော်ဘီ Telegram Channel တစ်ခုဖြစ်သည့် Firty Two Channel တွင် ရေးသားဖော်ပြထားသည်။

အင်းတော်မြို့နယ်တွင် စစ်ကောင်စီက မတရားဖမ်းဆီးထားသည့် အရပ်သားပြည်သူ ၅၀ ကျော်အထိရှိလာပြီး ၎င်းတို့အနက် ၄၀ ကျော်ကို အင်းတော်ရဲအချုပ်တွင် ဖမ်းဆီးထားပြီး အချို့ကို ကသာသို့ ပို့ဆောင်ထားကြောင်း သိရသည်။

Show More

Related Articles

Back to top button