လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

စစ်ကောင်စီတပ် ပစ်ခတ်သော လက်နက်ကြီး ခရစ်ယာန်ဘုရားကျောင်းတွင် ကျရောက်ပြီး ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရ

ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ဆန်ခါကျေးရွာ ခရစ်ယာန်ဘုရားကျောင်းဝင်းတွင် စစ်ကောင်စီပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

ယနေ့ မွန်းလွဲပိုင်း ၂ နာရီ ဝန်းကျင်တွင် မဇွပ်ယန်အကျဉ်းထောင်မှ စစ်ကောင်စီတပ်များ ပစ်ခတ်သော လက်နက်ကြီးသည် ဆန်ခါကျေးရွာတွင် ၂လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ကလေး ၂ ဦးအပါအဝင် အမျိုးသမီး  ၃ ဦး အမျိုးသား ၁ ဦး စုစုပေါင်း ၆ ဦးထိခိုက်ဒဏ်ရာရရှိကြောင်း သိရသည်။

“ပထမတစ်ချက်က ရွာထဲကိုကြတယ်။ နောက်တစ်ချက်က ကသလစ်ဘုရားရှိခိုးကျောင်းကို ထိမှန်တယ်။ ဆရာမတွေ၊ ကလေးတွေပါ ထိခိုက်ကုန်တယ်” ဟု ဆန်ခါကျေးရွာသားတစ်ဦးက ပြောသည်။

ကျေးရွာအတွင်း ကျ‌ရောက်ပေါက်ကွဲခဲ့သည့် ပထမအကြိမ် လက်နက်ကြီးတွင် အမျိုးသမီး တစ်ဦး ခြေထောက်ထိခိုက်ဒဏ်ရာရခဲ့ပြီး ဒုတိယအကြိမ် ပစ်ခတ်မှုတွင် ကတ်သလစ် ကချင်အသင်းတော် ဘုရားကျောင်းတွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

ကက်သလစ် ဘုရားကျောင်းဝင်းအတွင်း ကျရောက်ပေါက်ကွဲသည့် လက်နက်ကြီးကြောင့်  ဆရာမ နှစ်ဦး၊ ကလေးနှစ်ဦးနှင့် အမျိုးသားတစ်ဦးတို့ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

စစ်တပ်၏ လက်နက်ကြီးကျည်ထိမှန် ဒဏ်ရာရသူများကို ဆန်ခါကျေးရွာနှင့် လုံးခင်းမှ လူမှုရေးအသင်းအဖွဲ့များက ဖားကန့်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

ဖားကန့်အချုပ်ထောင်မှ စစ်ကောင်စီတပ်များသည် လက်နက်ကြီးဖြင့် အရပ်လေးမျက်နှာသို့ ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်နေသည်။

Show More

Related Articles

Back to top button