Fact Checkသတင်း

ဖားကန့်ဖြစ်စဉ်နှင့် ပတ်သက်ပြီး စစ်တပ်ပိုင် မြဝတီတွင် သတင်းအမှားများ ဖော်ပြခဲ့

ဖားကန့်မြို့ KIA တပ်မဟာ ၉ နယ်မြေ အနန့်ပါတွင် ၆၂ နှစ်မြောက် KIO အထိမ်းအမှတ်အတွက် တေးဂီတပွဲကျင်းပနေစဥ် အောက်တိုဘာလ (၂၃) ရက်နေ့ည ၈ နာရီခွဲဝန်းကျင်တွင် စစ်ကောင်စီမှ ဂျက်လေယာဉ် ၃ စီးဖြင့် လာရောက်ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင်း အပြစ်မဲ့ပြည်သူအချို့နှင့် ကချင်ဝါရင့်အဆိုတော် သေဆုံးခဲ့သည် ဆိုသော သတင်းသည် ဟောလဟာလသတင်းဖြစ်သည်ဟု စစ်တပ်ပိုင် မြဝတီသတင်းက ဝါဒဖြန့်ထားသည်ကို တွေ့ရသည်။

အဆိုပါ ဝါဒဖြန့်သည့် သတင်းကို စစ်တပ်သတင်းဌာနတစ်ခု ဖြစ်သည့် မြဝတီသတင်းဝက်ဆိုက်တွင် အောက်တိုဘာလ (၂၄) ရက်နေ့က ဖော်ပြထားခဲ့သည်။

မြဝတီသတင်းဝက်ဆိုက်တွင်  “သတင်းတု သတင်းမှားနှင့် သတင်းလိမ်များ ဖော်ပြ၍ ကောလာဟလ ဖြန့်ဝေနေကြသော Online Media များက ဖားကန့်တေးဂီတ ဖျော်ဖြေပွဲအား တပ်မတော်လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် အပြစ်မဲ့ ပြည်သူများနှင့် ကချင်ဝါရင့်အဆိုရှင် အချို့ သေဆုံးခဲ့ကြောင်း လူမှုကွန်ယက်တွင် ကောလာဟလသတင်းများ ဖြန့်ဝေ လျက်ရှိကြောင်းတွေ့ရှိရသည်” ဟု ဖော်ပြခဲ့သည်။

အဆိုပါ ဖော်ပြချက်သည် ဝါဒဖြန့် သတင်းအမှားသက်သက်သာဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ၆၂ နှစ်ပြည့် KIO အထိမ်းအမှတ် တေးဂီတပွဲကျင်းပနေစဥ် စစ်ကောင်စီမှ ဂျက်ဖိုက်တာ ၃ စီးဖြင့် ဗုံးကျဲတိုက်ခိုက်မှုတွင် ကချင်ဝါရင့်အဆိုတော် အော်ရာလီ(Aurali) နှင့် ကီးဘုတ်သမား ဇခုန်ဇော်မွန်()ကိုကင်း (Ko King) အပြင် အပြစ်မဲ့ပြည်သူအများအပြား ဒဏ်ရာရရှိခဲ့သောသတင်းသည် ဒေသတွင်းနှင့် နိုင်ငံတကာသတင်းများတွင် တွေ့ရှိကြပြီ ဖြစ်သည်။

ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့်သေဆုံးသူ ၆၂ ဦးရှိခဲ့ကြောင်း” Myitkyina News Journal ကို KIO/KIA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အောက်တိုဘာလ ၂၅ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်တွင် အတည်ပြုပြောဆိုထားသည်ကိုလည်း တွေ့မြင်နိုင်သည်။

ထို့ကြောင့် မြဝတီသတင်း ဝက်ဆိုက်တွင် ဖော်ပြထားသည်မှာ သတင်းအမှား ဝါဒဖြန့်မှု သက်သက်သာဖြစ်သည်။

သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် သတင်းများကို ဖတ်ရှုရာတွင် ယုံကြည်ရသော ဒေသတွင်းသတင်းမီဒီယာများကိုသာ ဖတ်ရှုကြဖို့နှင့် စစ်ကောင်စီနှင့် ဝါဒဖြန့်သတင်းစာမျက်နှာများကို ပြန်လည်မျှဝေခြင်းမပြုရန် သတိပြုသင့်ပါသည်။

Show More

Related Articles

Back to top button