Fact Checkသတင်း

KIA နှင့် PDF တပ်ဖွဲ့များကြား အချင်းချင်းပစ်ခတ်ခဲ့တယ်ဆိုပြီး သတင်းအမှား ဝါဒဖြန့်နေ

“KIA တပ်ဖွဲ့ခေါင်းကြီးပိုင်းတွေ လေကြောင်း ပစ်ခတ်မှုကြောင့် သေဆုံးရခြင်းရဲ့ တရားခံဟာ PDF တပ်ဖွဲ့ဝင်တွေကြောင့်လို့ ပြောဆိုပြီး စကားများရာမှ KIAနှင့် PDF တပ်ဖွဲ့ဝင်များကြား ပစ်ခတ်မှုတွေဖြစ်ခဲ့တယ်လို့ သတင်းရပါသည်” ဆိုပြီး သတင်းအမှား ဝါဒဖြန့်ရေးသားထားသည်ကို တွေ့ရသည်။

အဆိုပါသတင်းအမှားကို “ဗလမင်းထင်” ဆိုသည့် ဖေ့စ်ဘုတ်အကောင့်တွင် နိုဝင်ဘာလ (၃) ရက်နေ့တွင် စတင်ဖြန့်ဝေခဲ့ပြီး “Manaw Myay” “ဝါရာဇွပ်ပြည်သူ့စစ်တပ်ဖွဲ့” ဆိုသည့် Telegram အကောင့်များနှင့် “သံလွင်ဦး” ဆိုသည့် ဖေ့စ်ဘုတ်အကောင့်တွင်လည်း ပြန်လည်မျှဝေထားသည်ကို တွေ့ရသည်။

ဖော်ပြထားသောအကြောင်းအရာများတွင် “KIA တပ်မဟာ (၅) မှ KIA တပ်ဖွဲ့ဝင်တွေနဲ့ ဆလန်ကမ္ဘာတွေက PDF အဖွဲ့ကို တပ်မတော်နှင့် ဆက်သွယ်တယ်ဆိုပြီး စွပ်စွဲပြောဆိုခဲ့တယ်လို့ သတင်းရပါသည်” ဆိုသော အချက်လည်းပါဝင်သည်။

မြေပြင်သတင်းအချက်အလက်များကို စုံစမ်းရာတွင် အဆိုပါ ဖော်ပြချက်များမှာ သတင်းအမှားများသာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် တကယ်မဖြစ်ပျက်ခဲ့သော အကြောင်းအရာများကို စစ်တပ်ထောက်ခံသူများက လုပ်ကြံရေးသားခဲ့ခြင်း ဖြစ်သည်။

ယခုချိန်တွင် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် စစ်အုပ်စုကို အမြစ်ပြတ်ချေမှုန်းရန် အတူတကွ ပူးပေါင်း ဆန့်ကျင်တော်လှန်နေကြသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၊ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ နှင့် ပြည်သူလူထုများကြား အမုန်းစကားများဖြင့် သွေးခွဲရန် စစ်လော်ဘီများသည် ရည်ရွယ်ချက်ရှိရှိ သတင်းအမှားများကို ဝါဒဖြန့်ရေးသားနေကြသည်ကို တွေ့မြင်နိုင်သည်။

သို့ဖြစ်ပါ၍ ပြည်သူလူထုများအနေဖြင့်လည်း အဆိုပါ စစ်တပ်လော်ဘီများ၏ ဝါဒဖြန့် သတင်းအမှားများကို သတိပြုရှောင်ကျဉ်ရမည်ဖြစ်ပြီး သတင်းများကို ဖတ်ရှုရာတွင်လည်း ယုံကြည်ရသော ဒေသအခြေစိုက် သတင်းမီဒီယာများ၏ ဖော်ပြထားသော သတင်းများကိုသာ ဖတ်ရှုသင့်ပါသည်။

Show More

Related Articles

Back to top button