သတင်း

ဆရာတော် ခလမ် ဆမ်ဆွန်ကို စစ်ကော်စီက ပုဒ်မ ၂ ခုဖြင့် တရားစွဲဆိုထား

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ဥက္ကဋ္ဌဟောင်း သိက္ခာတော်ရ ဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွန် ကို ယနေ့ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ပထမဆုံးအကြိမ် မြစ်ကြီးနားအကျဉ်းထောင်တွင် ရီမန်ယူခဲ့ပြီးနောက်ပုဒ်မ ၂ ခုဖြင့် တရားစွဲဆိုထားသည်ဟု သိရသည်။

ဆရာတော် ခလမ်ဆမ်ဆွန်ကို မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇() နှင့် ပုဒ်မ ၅၀၅ (က) တို့ဖြင့် တရားစွဲဆိုထားပြီး လာမည့် ဇန်နဝါရီလ ၁၃ ရက်နေ့တွင် တဖန် ရုံးထုတ် စစ်ဆေးသွားမည်ဖြစ်ကြောင်း KBC တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ဒီကနေ့ကတော့ ထောင်ထဲက တရားရုံးမှာ စတင် ရုံးထုတ်တယ်။ အဓိက စစ်ဆေးတာတွေ မလုပ်သေးဘူး။ ရီမန်ယူတဲ့ရက်ပဲ ရှိသေးတယ်။ ရှေ့နေတွေနဲ့ ဆရာကြီးနဲ့ တွေ့ဆုံပေးတယ်။ ပြီးရင် စစ်တပ်ဘက်ကလည်း သူတို့ ဘာအမှုတွေနဲ့ စွဲထားတယ်ဆိုတာကို လာပြောပြတယ်ဟုပြောသည်။

ယနေ့ ပထမဆုံးအကြိမ် ရုံးထုတ်မည့်ရက်တွင် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC မှ တာဝန်ရှိသူများနှင့် မိသားစုဝင်များက ဆရာတော်နှင့်တွေ့ဆုံရန် မြစ်ကြီးနားအကျဉ်းထောင်အထိ သွားရောက် ဝန်းရံခဲ့ကြသော်လည်း တွေ့ခွင့်မရဘဲ အမှုစစ်ဆေးမည့် ရှေ့နေများဖြင့်သာ တွေ့ဆုံခွင့်ရရှိခဲ့ကြောင်း သိရသည်။

ဆရာတော် ခလမ်ဆမ်ဆွန်သည် ဒီဇင်ဘာလ ၅ ရက်နေ့ ထိုင်းနိုင်ငံဘန်ကောက်မြို့သို့ သွားရန် မန္တလေး လေဆိပ်တွင် စောင့်ဆိုင်းနေချိန် ဖမ်းဆီးခံလိုက်ရသည်။ ထို့နောက် ရက်ပေါင်း ၂၄ ရက်အကြာ စစ်တပ်၏ စစ်ကြောရေးတွင် စစ်ဆေးခံရပြီးနောက် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် မြစ်ကြီးနားအကျဉ်းထောင်သို့ ပို့ဆောင်ခံလိုက်ရခြင်းဖြစ်သည်။

သူသည် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC အတွင်းရေးမှူးနှင့် ဥက္ကဋ္ဌအဖြစ် ၁၂ နှစ်တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် လက်ရှိတွင် အကြံပေးအဖြစ် ထမ်းဆောင်နေသူဖြစ်သည်။ ထို့အပြင် ကချင်အမျိုးသားအတိုင်ပင်ခံအဖွဲ့ WMR ၏ ဥက္ကဋ္ဌ တာဝန်ကိုလည်း ယူထားသူဖြစ်သည်။

အာဏာမသိမ်းခင်က WMR ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်နေသည့် ဒူဝါလရှီးလ သည် စစ်တပ်အာဏာ သိမ်းလိုက်ပြီးနောက်တွင် အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ယာယီသမ္မတ ဖြစ်လာခဲ့သည်။ ထိုစဉ်ကတည်းက WMR ဦးဆောင်မှု အခန်းကဏ္ဍတွင် ဆရာတော်ဆမ်ဆွန် က ပါဝင်ခဲ့သည်။

ဆရာတော် ခလမ်ဆမ်ဆွန်ကို တရားစွဲဆိုရန် စစ်တပ်ဘက်က ပြင်ဆင်ခဲ့သည့် သက်သေအထောက်အထားများတွင် ‘KIO ထိပ်ပိုင်းအရာရှိများပါဝင်သော ဆုတောင်းပွဲတွင် ဆရာတော်က တရားဟောခဲ့သည့် ရုပ်သံ’ လည်း ပါဝင်သည်ဟု KBC ဘက်မှ ထုတ်ပြန်ချက်များအရ သိရပါသည်။

Show More

Related Articles

Back to top button