သတင်း

မိုးညှင်းထွေအုပ်ရုံးအနီး ဒရုန်းကာကွယ်ရေးစနစ် တပ်ဆင်ထားမှုကြောင့် ပြည်သူများ အင်တာနက်အသုံးပြုရန်ခက်ခဲလာ

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်ထွေအုပ်ရုံးအနီးတွင် စစ်ကောင်စီတပ်က ဒရုန်းကာကွယ်ရေးစနစ် တပ်ဆင်ထားမှုကြောင့် မိုးညှင်းမြို့တွင်း၌ Wifi နှင့် မိုဘိုင်းအင်တာနက်အသုံးပြုသူများ အခက်အခဲ ဖြစ်နေကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီသည် မိုးညှင်းမြို့ မြို့မရပ်ကွက်ရှိ ထွေအုပ်ရုံးအနီး၌ ဒီဇင်ဘာလ ကုန်ပိုင်းမှစတင်ကာ ဒရုန်ကာကွယ်ရေးစနစ် (Drone Jammer) တပ်ဆင်ထားလိုက်မှုကြောင့် အနီးဝန်ကျင်နေထိုင်သူနှင့် ထွေအုပ်ရုံးနှင့်ဝေးသည့် ရပ်ကွက်များအထိ တစ်မြို့လုံးနီးပါး အင်တာနက်လိုင်းမကောင်းသည့် အခက်အခဲနဲ့ ကြုံတွေ့နေရကြောင်း မိုးညှင်းမြို့ နောင်စွန်းရပ်ကွက်နေ အမျိုးသမီးတစ်ဦးက KNG ကို ပြောသည်။

ကြာပြီကော လိုင်းမကောင်းဖြစ်နေတာ တစ်ပတ်ကျော် နှစ်ပတ်နီးပါးရှိနေပြီ။ မိုဘိုင်းဒေတာက စျေးကြီးတော့ Wifi ပဲသုံးကြတာ လိုင်းလုံးဝမကောင်းဘူး။ ခန ခနပြုတ်ပြုတ်ကျနေတာ လုံးဝကိုသုံးလို့မရဘူး။ အော်ပရီတာတွေအားလုံး ဒီလိုပဲတဲ့ အခုလူတိုင်းပြောနေကြတာ ကျမသူငယ်ချင်းတွေလည်းပြောတယ် လိုင်းမကောင်းဘူးဆိုပြီးအသက် ၅၀ ဝန်းကျင်ရှိ အထက်ပါအမျိူးသမီးက ပြောသည်။

မိုဘိုင်းအင်တာနက်မှာ အနည်းငယ်သာလိုင်းကောင်းပြီး Wifi အင်တာနက်မှာ အသုံးပြု၍ လုံးဝ အဆင်မပြေဖြစ်နေကြောင်း wifi အင်တာနက်ကိုအားထား၍ စီးပွားရေးလုပ်နေသူ ဒေသခံတစ်ဦးက ပြောသည်။

ကျွန်တော်တို့က ဒီ Wifi ကို အားကိုးပြီးအလုပ်လုပ်နေရတာ ကျွန်တော်တို့အလုပ်လုပ်တဲ့သူတွေဆိုရင်လုံးဝကိုအဆင်မပြေဘူး။ ဖြစ်နေတယ် သူများတွေလည်းအဲ့လိုပဲဖြစ်နေတယ်။ အခုရက်ပိုင်း ပိုပိုဆိုးလာတယ်ဗျ ခနခနပြုတ်ကျနေတာ။ ကျနော်တို့သုံးတဲ့ အော်ပရီတာပဲအဆင်မပြေလို့လားတခြားပြောင်းသုံးရမလားဆိုတော့လည်း တခြားသူတွေလည်းကိုယ့်လိုပဲဖြစ်နေတာ ဘာလုပ်ရမှန်းမသိဘူးဟုအခြားဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ ဒရုန်းကာကွယ်ရေးစနစ်ကြောင့် မြို့မရပ်ကွက်၊ အုတ်ကျင်းရပ်ကွက်၊ အရှေ့စု၊ စိမ်းရတနာမွန်ရပ်ကွက်အထိ သာမက ထွေအုပ်ရုံးနှင့် အလှမ်းဝေးသည့် နောင်စွန်းရပ်ကွက်များအထိပါ အင်းတာနက်လိုင်းခက်ခဲနေကြောင်းသိရသည်။

wifi အင်တာနက် နှင့် မိုဘိုင်းအင်တာနက်ခက်ခဲနေသည့်အပြင် ဖုန်းလိုင်းလည်း ယခုနောက်ပိုင်း မကြာခန တောက်ပြတ်နေကြောင်း သိရသည်။

ဒရုန်းဖျက်စနစ်နှင့် ဒရုန်းကာကွယ်ရေးစနစ်များသည် GPS စနစ်နှင့်အင်တာနက်စနစ်များကို အနှောက်အယှက်ဖြစ်နေသည့် နည်းပညာဖြစ်သည်။ မိုးညှင်းမြို့ရှိ ထွေအုပ်ရုံး၊ EPC ရုံးနှင့် စစ်ကောင်စီနဲ့ဆက်နွယ်သည့် အဆောက်အဦးများ တိုက်ခိုက်ခံရမှု ယခင်က မကြာခနရှိခဲ့သောကြောင့် စစ်ကောင်စီက ယခုကဲ့သို့ ဒရုန်းကာကွယ်ရေးစနစ်တပ်ဆင်လာခြင်းဖြစ်နိုင်‌ကြောင်း ဒေ‌သခံများက သုံးသပ်ကြသည်။

Show More

Related Articles

Back to top button