အင်းတော် – ဖားကန့်လမ် စစ်ကောင်စီ ပိတ်ဆို့ထားသည့်အတွက် သွားလာရေးအခက်တွေ့နေ

ကချင်ပြည်နယ် မိုးညှင်းနှင့် ဖားကန့် မြို့နယ် ၂ ခုကို ဆက်သွယ်ထားသည့် အင်းတော် – ဝှေခါလမ်းပိုင်းအား စစ်ကောင်စီအဖွဲ့မှ ရက်အကန့်အသတ်မရှိ ပိတ်ဆို့ထားသဖြင့် ထိုလမ်းပိုင်းကို အသုံးပြုနေသည့် အင်းတော်ဒေသခံပြည်သူများက သွားလာရေးအခက်အခဲဖြစ်နေကြောင်းသိရသည်။
ဖေဖော်ဝါရီလ ၉ ရက်နေ့မှစတင်ကာ အင်းတော်မြို့အထွက် လုံးတုံစစ်ဆေးရေးဂိတ်မှ ဖားကန့်မြို့နယ်အဝင် ဝှေခါကျေးရွာအထိ သွားလာခွင့်ပိတ်ထားဆဲဖြစ်သည်ဟု အင်းတော်ဒေသခံအမျိုးသမီးတစ်ဦးက KNG ကိုပြောသည်။
“ဘယ်နေ့အထိပိတ်ထားတယ် မပြောဘူး။ ဒီအတိုင်း ပိတ်လိုက်တာ ရက်အကန့်အသတ်မရှိပဲ။ အဲ့ဒီလမ်းပိုင်းက ပြည်သူတွေ စားဝတ်နေရေးအတွက် တစ်နေ့လုပ် တစ်နေ့စား သွားလာရတဲ့ လမ်းပိုင်းဖြစ်တယ်”ဟုပြောသည်။
အဆိုပါ ပိတ်ဆို့ခံထားရသည့် လမ်းပိုင်းသည် အင်းတော်ဒေသခံတောင်သူများနှင့် ဖားကန့်ဘက်သို့ သွားလာနေသည့် ရေမဆေးသမားနှင့် စျေးသည်များအတွက် အရေးပါသည့်လမ်းပိုင်းဖြစ်ပါသည်။
ထို လမ်းပိုင်းကို အမြန်ဖွင့်ပေးမှသာ စားဝတ်နေရေးအတွက် ပြေလည်ကြမည်ဖြစ်သည့်အတွက် အမြန်ဖွင့်ပေးရန် လိုအပ်ကြောင်း အင်တော်ဒေသခံများကတောင်ဆိုနေကြသည်။
“ကြည့်ရတာ စစ်ကောင်စီကနေ နယ်မြေလုံခြုံရေးကို အကြောင်းပြပြီးတော့ ပိတ်လိုက်တာဖြစ်တယ်။ အဲ့ဒီ အင်းတော်ကြီးနဲ့ ဝှေခါလမ်းပိုင်းမှာ မကြာခဏတိုက်ပွဲဖြစ်တာတော့ရှိတယ်။ ဒါပေမယ့် ဒီလမ်းပိုင်းတွေက အများပြည်သူသုံးနေတဲ့ လမ်းဖြစ်တဲ့အတွက် အကြာကြီးပိတ်ဖို့က မသင့်ဘူးလေ။ ကြာလာရင် ပြည်သူတွေပဲ ဒုက္ခရောက်စေတယ်”ဟုပြောသည်။
ဖားကန့်မြို့နယ်အတွင်း ဝင်ရောက်နိုင်သည့် ကားလမ်းများမှာ မိုးညှင်း– အင်းတော် လမ်းနှင့် မိုးကောင်း– နန့်ယား စသည့် ကားလမ်း ၂ခု ရှိပြီး လက်ရှိပိတ်ဆို့လိုက်သည့် လမ်းပိုင်းသည် ဖြတ်လမ်းအသုံးပြုနေသော လမ်းပိုင်းလည်းဖြစ်သည်။