သတင်း

ရှဒူးဇွပ်စစ်ရှောင်များ နေရာအသစ်သို့ ပြောင်းရွေ့သွားသော်လည်း အကူညီ လိုအပ်နေဆဲ

နှစ်စဉ်ရေဘေးအန္တရာယ်ကိုကြုံတွေ့ရသည့် တနိုင်းသွားလီဒိုလမ်းမပေါ် ရှိ ရှဒူးဇွပ်စစ်ရှောင်ပြည်သူများက ပြန်လည်ထူထောင်ရေးနေရာအသစ်သို့ အပြီးရွှေ့ပြောင်းသွားခဲ့သော်လည်း အကူအညီများလိုအပ်နေဆဲ ဖြစ်သည်ဟု စစ်ရှောင်တာဝန်ခံများထံမှသိရသည်။

အိမ်ထောင် ၁၆ စုသာရှိသည့် စစ်ရှောင်ပြည်သူများသည် ပြီးခဲ့သည့် နိုဝင်ဘာလ ၂၅ ရက်နေ့တွင် နေရာအသစ်သို့ ရွှေ့ပြောင်းနေထိုင်ခဲ့ကြပြီး လက်ရှိ နေရာအသစ်တွင် နေထိုင်ရေးအခက်အခဲများကြုံတွေ့နေ၍သဖြင့် အကူအညီများလိုအပ်နေသေးကြောင်း စစ်ရှောင်တာဝန်ခံက KNG ကိုပြောသည်။

ပြောင်းဖို့အတွက် ဘယ်သူမှလာကူညီတာတော့မရှိဘူး။ ပြောင်းလိုက်ရတာပဲရှိတယ်။ အခုက ကျနော်တို့နေကြတဲ့ အဆောင်တွေကို ငွေချေးထားပြီးတော့ အကုန်ပြီးအောင် ဆောက်ထားတာဆိုတော့ အခုဆောက်လုပ်ရေးတွေကို ပိုက်ဆံတွေပေးရအုံးမယ်၊ အကြွေးတွေနဲ့လည်း အများကြီး ကျန်သေးတယ်၊ စားဝတ်နေရေးတွေရော အကုန် ခက်ခဲနေတုန်းဘဲဟုပြောသည်။

အဆိုပါ စစ်ရှောင်ပြည်သူများသည် မူလ စစ်ရှောင်နေရာဖြစ်သည့် ရှဒူးဇွပ်ကချင်နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းဝင်းအတွင်းနေထိုင်စဉ် နှစ်စဉ် ရေကြီးရေလျှံကြုံတွေ့ခဲ့ရသည့်အတွက် နေရာအသစ်သို့ ရွှေ့ပြောင်းနေထိုင်ရန် ပြီးခဲ့သော ၂၀၂၁ ခုနှစ်မှစတင်လုပ်ဆောင်ခဲ့ကြရာ ၅ နှစ်ခန့်အကြာမှ ရွှေ့ပြောင်းနိုင်ခဲ့ကြသည်။

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC မှ အိမ်ထောင်စုတစ်ခုတွင် မြန်မာငွေ ၅ သိန်းကျပ်နှုန်းဖြင့် အိမ်ထောင်စု ၁၆ စုအတွက် အကူအညီပေးခဲ့သည်။

ထိုရရှိသော အလှူငွေဖြင့် နေအိမ်အဆောက်အဦးများဆောက်လုပ်ခဲ့ကြပြီး ငွေပမာဏလုံလောက်မှုမရှိသည့်အတွက် ဆောက်လုပ်ရေးအဖွဲ့ထံ ချေးငွေဖြင့် အပြီးဆောက်လုပ်နိုင်ခဲ့ကြသည်ဟု ဆက်သိရသည်။

လက်ရှိ စစ်ရှောင်များ ပြန်လည်ထူထောင်ရေးအဖြစ် ရွှေ့ပြောင်းထားသည့်နေရာသည် ရှဒူးဇွပ်ကျေးရွာအဝင် အောင်ရာကျေးရွာ၏ ကချင်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းအနောက်ဘက်ခြမ်းရှိ မြေနေရာ ၆ ဧက ပေါ်တွင် ဆောက်လုပ်ထားခြင်းဖြစ်သည်။

Show More

Related Articles

Back to top button