သတင်း

လာချိဒ် ရိုးရာအိမ်တော် မနောတိုင်-ကွင်း၊ မုခ်ဦး-ခန်းမဆောင်ဖွင့်ပွဲနှင့် မနောပွဲတော်ကြီးကို ၃ ရက်ကြာ ကျင်းပရန် ပြင်ဆင်နေ

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့၊ မဒိန်ကျေးရွာအုပ်စု၊ ခကွမ်ရပ်ကွက်တွင် လာချိဒ်လူမျိုးများ၏ ရိုးရာအိမ်တော် မနောတိုင်ကွင်း၊ မုခ်ဦးခန်းမဆောင်ဖွင့်ပွဲနှင့် မနောပွဲတော်ကြီးကို မတ်လ ၂ ရက်နေ့မှ ၄ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း ပွဲဖြစ်မြောက်ရေး တာဝန်ရှိသူ အမျိုးသမီးတစ်ဦးက KNG ကိုပြောသည်။

လာချိဒ်မနောကွင်းသည် အနေနေအရပ်ရပ်တွင်ရှိနေသည့် လာချိဒ်လူမျိုးတိုင်း၏ စိတ်တူကိုယ်တူ ဆုံစည်းခွင့်ရသည့်နေရာတစ်ခု အဖြစ်သတ်မှတ်၍ မနောပွဲတော်ကြီးအားပြုလုပ်ရခြင်းဖြစ်ကြောင်း တာဝန်ရှိသူ အမျိုးသမီးတစ်ဦးက KNG ကိုပြောသည်။

ကျွန်မတို့ လာချိဒ်အမျိုးတွေ မနောကွင်းပြုလုပ်ရရှိခဲ့တာက ဘုရားကျေးဇူးတော်ကြောင့်ပေါ့၊ ဒါက လာချိဒ် လူမျိုးတိုင်းဆုံစည်းခွင့်ရမဲ့ နေရာလည်းဖြစ်တယ်၊ ပထမဦးဆုံး အကြိမ်လည်းလုပ်တာ ဖြစ်တဲ့အတွက် နိုင်ငံအရပ်ရပ်မှာရှိနေတဲ့ လာချိဒ်လူမျိုးတွေ အကုန်လုံးကို အတက်နိုင်ဆုံးတော့ ပါဝင်စေချင်တယ်ဟုပြောသည်။

ထိုပွဲတွင် ပြည်ထောင်စုအဆင့် စစ်ကောင်စီ ဝန်ကြီးများကိုလည်း ဖိတ်ကြားသွားမည်ဟုလည်း သိရသည်။

ပြင်ပနိုင်ငံသို့ ရောက်ရှိနေကြသည့် လာချိဒ်လူငယ်တစ်ဦးအနေဖြင့်လည်း ဝိုင်းမော်တွင်ပြုလုပ်မည့် မနောပွဲအပေါ် သူ၏ ခံစားချက်ကို ယခုလို ပြောသည်။

ဒီမနော တိုင်ဖွင့်ပွဲဟာဆိုရင် ကျွန်တော်တို့လာချိဒ်လူမျိုးတွေရဲ့ ပထမဆုံး လာချိဒ်ရိုးရာ မနောကွင်းနဲ့ မနောတိုင် ဖွင့်ပွဲလည်းဖြစ်တယ်၊ ဝိုင်းမော်မြို့မှာ တခြားသူတွေရဲ့မနောကွင်း နဲ့မနောတိုင် ရိုးရာ Campus ရှိကြတယ်၊ ကျွန်တော်တို့ လာချိဒ်တွေမှာမရှိခဲ့ဘူး။ ခုကျွန်တော် တို့လာချိဒ်တွေရဲ့မနောတိုင်ရော၊ မနောကွင်းရော ရိုးရာယဥ်ကျေးမှု Campus ကိုရော ဝိုင်းမော်မြို့လယ်မှာ ရထားတာဆိုတော့ လာချိဒ်လူငယ်တစ်ယောက်အနေနဲ့ ဂုဏ်ယူမိပါတယ်ဟုပြောသည်။

ဝိုင်းမော် ဒေသခံ လာချိဒ်လူငယ်တစ်ဦးကလည်း မိမိတို့၏ အမျိုးပိုင် လာချိဒ် မနောကွင်းအား ရရှိခဲ့ခြင်းနှင့် မနောပွဲပြုလုပ်ရခြင်းအပေါ်  ထင်မြင်ချက်အား KNG ကို ယခုလိုပြောသည်။

ကျွန်တော်တို့ လာချိဒ်အမျိုးတွေ မနောပွဲ၊ မနောအက ကခဲ့တယ်ဆိုတာတော့ကြားဖူးခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ မနောတိုင်တွေ၊ မနောအိမ်တော်တွေ ဘယ်နေရာမှာမှ မရှိခဲ့ဘူး၊ အခုက ပထမဦးဆုံးလည်း ဖြစ်တော့ သား၊ မြေး၊ မြစ်တွေအထိ မြင်တွေ့ရမယ်၊ မပျောက်မပျက်ဘဲ တည်ရှိနေမဲ့ ကျွန်တော်တို့လူမျိုးတွေရဲ့  ရိုးရာတွေ အမြဲတမ်းတွေ့နေရမဲ့နေရာဖြစ်တယ်ဟုပြောသည်။

လက်ရှိကာလ၌ ပွဲသဘင်များ ပြုလုပ်ခြင်းအပေါ် ဝေဖန်မှုအမျိုးမျိုးရှိနိုင်သော်လည်း ယခုကဲ့သို့ မနောပွဲပြုလုပ်ရခြင်းမှာ လာချိဒ်လူမျိုးများ၏ ရိုးရာအိမ်တော်ပိုင်ဆိုင်ခွင့်ရသည့်အတွက် ကျေးဇူးတော်ချီးမွှမ်းဆုတောင်းခြင်းဖြစ်၍ အချင်းချင်းနားလည်ပေးမည်ကိုလည်း ယုံကြည်ကြောင်း ၎င်းကဆက်ပြောသည်။

ဒေသခံ လာချိဒ်လူငယ်များ ဦးဆောင်ပြီး နိုင်ငံအရပ်ရပ်တွင်ရှိနေသည့် လာချိဒ်လူမျိုးများအတွက် ၁ရက်နေ့မှာ အချိန်တစ်ခုသတ်မှတ်ပြီး ဆုတောင်းပေးခြင်းအစီအစဉ်ကိုလည်း ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း ဒေသခံ လာချိဒ်လူငယ်တစ်ဦးက  KNG ကိုပြောသည်။

မနောပွဲမှာ မရောက်ရှိနိုင်တဲ့ လာချိဒ်လူမျိုးတွေ အကုန်လုံးကို ဆုတောင်းကောင်းချီး ပေးမှာဖြစ်တဲ့အတွက် ရှိနေတဲ့ နေရာကနေ ခနလေးဖြစ်ဖြစ်ပါဝင်စေချင်တယ် ၊ ပါဝင်နိုင်တဲ့ လာချိဒ်လူငယ် အယောက် ၂၀၀ အတွက်က ကျွန်တော်တို့ လာချိဒ်ရိုးရာဝတ်စုံတွေကို လူမျိုးတွေအပေါ် ပေးဆပ်နိုင်၊ ဦးဆောင်နိုင်တဲ့ သူတွေဖြစ်ကြပါစေ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပေးသွားမဲ့ အစီအစဉ်တွေလုပ်ထားတယ်ဟုပြောသည်။

လုံဇိန်မိုးခန်းမဆောင်၊ ရိုးရာအိမ်တော်၊ မုဒ်ဦးအ၀င်ပေါက်၊ မနောတိုင် ဖွင့်ပွဲ ပြုလုပ်ပြီးသည်နှင့် မနက် ၁၀ နာရီမှ ၁၁နာရီခွဲအထိ မနောအက ကကြမှာဖြစ်ပြီး မနောပွဲတော်ကြီးဖြစ်မြောက်လာစေရန် ပါဝင်ကူညီပေးကြသည့် အလှူရှင်များကို ဂုဏ်ပြုချီးမြောက်မည့် အစီအစဉ်ကိုလည်း ညနေပိုင်းတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း တာဝန်ရှိသူ အမျိုးသမီးတစ်ဦးမှ သိရသည်။

ယခုကဲ့သို့ မနောပွဲတော်ကြီး ပြုလုပ်ခြင်းအားဖြင့် လာချိဒ်လူငယ်များ လာချိဒ်လူမျိုးတို့၏ ရိုးရာ အဝတ်အစား ဆင်ယင်ထုံးဖွဲ့မှုကို ပိုမိုသိလာစေနိုင်ပြီး စနစ်တကျအသုံးချသွားနိုင်မည့် အကျိုးကျေးဇူးများလည်း ရနိုင်မည်ဟု လာချိဒ်ဗဟိုမှ တာဝန်ရှိသူ အမျိုးသမီးတစ်ဦးက KNG ကို ပြောသည်။

အခုခေတ်ကလေးတွေက ရိုးရာနဲ့ ပတ်သက်ပြီးသိပ်မသိကြသေးဘူးလေ ဆိုတော့ လာချိဒ်လူမျိုးတွေရဲ့ ရိုးရာတွေကိုလည်း ဘယ်လိုဆင်ပြီး ဘယ်လိုဝတ်ရမယ်ဆိုတာကို ဒီနေရာမှာ စနစ်တကျသေချာ သင်ပြပေးနိုင်မယ်ဆိုရင် လူငယ်တွေ သေချာမှန်ကန်အောင် အသုံးချသွားနိုင်မယ်၊ ပြီးတော့ ကျွန်မတို့ရဲ့ ယဉ်ကျေးရိုးရာဝတ်စုံတွေကို တခြားသူတွေလည်း ပိုပြီးမှ ချပြသွားနိုင်မယ်ဟုပြောသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်ကပင် လာချိဒ်လူမျိုးများ၏ မနောကွင်းကို ဆောက်လုပ်နိုင်ခဲ့ပြီး ကိုဗစ်ရောဂါအခြေအနေ အမျိုးမျိုးကြောင့် ဖွင့်ပွဲ မပြုလုပ် နိုင်ခဲ့ပေ။

သို့သော် ၂၀၂၃ ခုနှစ် မတ်လတွင် လာချိဒ်စာပေနှင့် ရိုးရာယဉ်ကျေးမှုဗဟိုကော်မတီမှ ဦးစီးပြီး ပြည်ထောင်စု တိုင်းရင်းသား ဝန်ကြီးများကို ဖိတ်ကြားကာ မနောကွင်း ဖွင့်ပွဲအား ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

Show More

Related Articles

Back to top button