တိုက်ပွဲသတင်း

ဝိုင်း‌မော်-ချီဖွေလမ်းပိုင်းတွင် စစ်ကောင်စီ စစ်ကြောင်းကို KIA တပ်ရင်း ၃ တိုက်ခိုက်

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှ ချီဖွေမြို့နယ်သို့သွားသည့် လမ်းပိုင်းတွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တို့ကြား ယမန်နေ့ တစ်ရက်တည်း တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့ကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်မှ သိရသည်။

ဆနီခူးရွာဘက်မှ လော်ဆာရွာဘက်သို့ဆင်းလာသည့် စစ်ကောင်စီစစ်ကြောင်းအား ဖေဖော်ဝါရီလ ၂၂ ရက်နေ့ နံနက် ၉နာရီဝန်းကျင်တွင် KIA မှ ပထမအကြိမ် ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး နေ့လည် ၁၂ နာရီဝန်းကျင်တွင် ဝါးရှောင်စုပေါင်းဂိတ်မှ နွမ်မော်ယန်သို့ တက်လာသည့် စစ်ကြောင်းကို ထပ်မံ တိုက်ခိုက်ခဲ့သည်။

ဆနီခူးက ဆင်းလာတဲ့ စစ်ကြောင်းကတိုက်ခိုက်ခံရတော့ သူတို့က အကူတက်လာတာ အဲဒီစစ်ကြောင်းကိုလည်း ထပ်တိုက်ခိုက်တာဟု KIA ရှေ့တန်းသတင်းရင်းမြစ်နဲ့ နီးစပ်သူက ပြောသည်။

ဆနီခူးရွာဘက်မှ ဆင်းလာသည့် စစ်ကြောင်းသည် ခမရ ၅၂၁ မှ စစ်အင်အား ၃၀ ဝန်းကျင်ရှိပြီး ဝါးရှောင်စုပေါင်းဂိတ်မှ တက်လာသည့် စစ်ကြောင်းသည် စစ်အင်အား ၂၀ ဝန်းကျင်ရှိသည်ဟု သိရသည်။

ထိုသို့ နှစ်ဖက်ထိတွေ့တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ ထိခိုက်‌သေဆုံးမှု ရှိနိုင်ကြောင်း ပြောဆိုနေကြသော်လည်း အသေးစိတ်ကို စုံစမ်းနေဆဲ ဖြစ်သည်။

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်သည် KIA တပ်မဟာ ၅ KIA တပ်ရင်း ၃ နယ်မြေဖြစ်ပြီး စစ်ကောင်စီတပ်အပြင် ပြည်သူ့စစ်တပ်တို့ဖြင့်လည်း ထိတွေ့တိုက်ပွဲ ပုံမှန်ဖြစ်ပွားနေသည်။

Show More

Related Articles

Back to top button