သတင်း

တနိုင်း-ရှင်ဗွေယန် လမ်းပိုင်းဆိုးရွာစွာ ပျက်စီးနေသည့်အတွက် သွားလာရေးအခက်အခဲကြုံတွေ့နေရ

ကချင်ပြည်နယ် တနိုင်းမြို့နယ်မှ ရှင်ဗွေယန်သို့ သွားလာနေသည့် ကားလမ်မကြီးသွားလာ၍မရအောင် အလွန်အကျွံ ပျက်စီးနေသည့်အတွက် သွားလာရေးခက်ခဲဖြစ်နေကြောင်း ဒေသခံများထံမှသိရသည်။

အဆိုပါ တနိုင်းနှင့်ရှင်ဗွေယန်ဆက်သွယ်ထားသည့် လမ်းပိုင်းသည် ပြုပြင်ထားသည့် အချိန်ကာလတစ်ခု အလွန်ကြာမြင့်သွားပြီဖြစ်သည့်အတွက် လက်ရှိတွင် မြေသားများပျက်စီးသွားသည့်အပြင် ချိုင့်ခွက်များဖြစ်ပေါ်နေသောကြောင့် သွားလာရေးအခက်အခဲကြုံတွေ့နေရသည်ဟု ရှင်ဗွေယန်မြို့ခံ ပြည်သူတစ်ဦးက KNG ကိုပြောသည်။

တနိုင်းနဲ့ရှင်ဗွေယန်ကြားက တစ်ချို့နေရာတွေဆိုရင် အင်္ဂလိပ်ခေတ်က ခင်းထားပေးခဲ့အတိုင်းပဲ။ အရင်တုန်းကတစ်ချို့နေရာတွေကတော့ ပြုပြင်ထားတာရှိတယ်။ ဒါပေမယ့် လုံးဝမပြင်သေးတဲ့ နေရာတွေဆို အရမ်းကို ပျက်စီးနေပြီ။ တစ်ချို့နေရာကျတော့ ချိုင့်ခွက်နေရာတွေမှာ အိမ်စီးကားတွေတောင် ဖြတ်လို့မရတော့တဲ့ အခြေအနေဖြစ်နေပြီဟုပြောသည်။

ထိုလမ်းပိုင်းတွင် အများဆုံးပျက်စီးနေသည့်နေရာသည် တနိုင်းနှင့်တရုန်ကြား၊ တရုန်နှင့် ရှင်ဗွေယန် စသည့်လမ်းပိုင်းနေရာများတွင် ဆိုးဆိုးရွားရွားပျက်စီး နေကြောင်း ဒေသခံများပြောသည်။

တနိုင်းနှင့်ရှင်ဗွေယန်လမ်းပိုင်းသည် မိုင်ပေါင်း ၄၂ မိုင်ခန့်သာသွားရသော လမ်းခရီးတစ်ခုဖြစ်ပြီး ယခုကဲ့သို့ လမ်းပိုင်းအခက်အခဲကြောင့် တစ်ရက်နီးပါးခန့် မောင်းနင်းသွားလာရသည်ဟု နောက်ထပ်ဒေသခံ တစ်ဦးက ယခုလိုပြောသည်။

လမ်းကောင်းရင်တော့ ရှင်ဗွေယန်နဲ့ တနိုင်းကြားဆိုတာ ခဏဆိုရောက်ပြီ အခုက လမ်းမကောင်းတော့ ကားဆရာတွေလည်း တဖြေးဖြေးထိန်းမောင်းရတဲ့ အခြေနေဆိုတော့ တစ်ရက်ခရီးလောက်ဖြစ်သွားတယ်။ အခုဆိုအရေးပေါ်လူနာကားတွေ လည်းသွားရလာရတာ ကြန့်ကြာမှုဖြစ်စေတယ်။ အခုလိုလမ်းမကောင်တော့ အချိန်မှီသွားလို့မရတဲ့အချိန်တွေရှိတယ်ဟုပြောသည်။

အဆိုပါ လမ်းပိုင်းများ သွားလာရေးအခက်အခဲဖြစ်ပေါ်စေသော အဓိကအချက်မှာ ဆီဘောက်ဆာကားများ၊ ကုန်တင်ကားကြီးများ အလွန်အကျွံသွားလာ ဖြတ်သန်းနေသည့်အပေါ် ပြန်လည်ပြုပြင်ခြင်းမရှိသည့်အတွက်ကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် တာဝန်ယူလုပ်ဆောင်ပေးစေလိုကြောင်း ဒေသခံများက တောင်းဆိုနေပါသည်။

ယင်းလမ်းပိုင်းကို တနိုင်းရှင်ဗွေယန်ကုန်စည် စီးဆင်းရေး၊ ခရီးသွားလာရေးအတွက် အရေးပါသည့် လမ်းခရီးတစ်ခုဖြစ်သလို နာဂကိုယ်ပိုင်ချုပ်ခွင့်ဒေသများဖြစ်သည့် နန်းယွန်းမြို့၊ ပန်းဆောင်မြို့နယ်များအတွက် အရေးပါသည့်လမ်းပိုင်းဖြစ်ကြောင်းသိရသည်။

Show More

Related Articles

Back to top button