သတင်း

ဖားကန့်တွင် ပြည်သူအများအပြားဖမ်းဆီးခံရသည့်အထဲမှ တစ်ချို့ကို မင်္သကာမှုဖြင့် ဖမ်းဆီးထားဆဲ

ဖားကန့်မြို့နယ် ရှရော်ခ (Sharaw Hka) ကျေးရွာတွင် စစ်ကောင်စီ ဖမ်းဆီးသွားသည့် အရပ်သားပြည်သူ အများပိုင်းကို ပြန်လည်လွတ်ပေးပြီး တစ်ချို့ကို မင်္သကာမှုဖြင့် ဖမ်းဆီးထားဆဲဖြစ်သည်ဟု ဒေသခံများထံမှသိရသည်။

 မတ်လ ၁ ရက်နေ့တွင် စစ်ကောင်စီအဖွဲ့၏ ဖမ်းဆီးခံလိုက်ရသည့်  ရှရော်ခပြည်သူ ၂၀၀ နီးပါးရှိအနက် ၁၃၀ ကျော် ယမန်နေ့ ညပိုင်းက ပြန်လွတ်ပေးခဲ့ပြီး အမျိုးသား ၃၀ ကျော်ကို မသင်္ကာမှုဖြင့် ဆက်လက်ဖမ်းထားဆဲဖြစ်ကြောင်း လုံးခင်းကျေးရွာမှ အမျိုးသားတစ်ဦးက KNG ကို အတည်ပြု ပြောဆိုသည်။

သူတို့ဖမ်းသွားတာလည်း ၁၀၀ ကျော် ၂၀၀ နီးပါးဆိုတော့။ ကျန်ထားတဲ့လူတွေကဘာလို့ကျန်ထားတယ်ဆိုတာတော့ စစ်ကောင်စီဘက်က တိကျတဲ့သတင်းရဖို့က ခဲယဥ်းနေသေးတယ်။ သူတို့ဘက်ကလည်းမပြောဘူးလေ။ ခန့်မှန်းရသလောက် ၃၀ ကျော်ကျန်နေသေးတယ်တဲ့ သူတို့သံသယရှိလို့မေးမြန်ဖို့ ကျန်နေသေးလို့တော့သိရတယ်ဟုအထက်ပါ အမျိုးသားက ပြောသည်။

ဖားကန့်မြို့မှ အခြားဒေသခံတစ်ဦးကလည်း ”ဖမ်းထားတဲ့သူတွေဆီကအချက်အလက်တွေ ယူတယ်တဲ့ဘယ်မှာနေလဲ၊ ဘယ်ကလာလဲ၊ ဘာအလုပ်လုပ်သလဲဆိုပြီးမေးတယ် မေးပြီးမှ သံသယရှိတဲ့လူတွေကိုတော့ ဆက်ဖမ်းထားတယ်တဲ့ဟုပြောသည်။

ဖမ်းဆီးခံရသည့် အရပ်သားပြည်သူများကို မတ်လ ၁ ရက်နေ့ ည ၄ နာရီအချိန်မှ ယမန်နေ့ည ပိုင်းအထိ စဗျစ်ခူးကျေးရွာအနီး စစ်ကောင်စီတပ်စွဲထားသည့် ကုမ္ပဏီဝင်းတွင် သုံးယောက်တစ်တွဲ လက်နောက်ပြန်ကြိုးချည်ကာ ထိန်းသိမ်းခဲ့ရာမှ အများစုကို ယမန်နေ့ပြန်လွတ်ပေးခြင်း ဖြစ်သည်။

စစ်ကောင်စီက ရှရော်ခကျေးရွာရှိ ပြည်သူများကို အစုလိုက်အပြုံလိုက်ဝင်ရောက်ဖမ်းဆီးခဲ့မှုနှင့်ပတ်သက်၍ တော်လှန်ရေးတွင် ပါဝင်လှုပ်ရှားနေသော ပြည်သူတစ်ဦးက ယခုကဲ့သို့ သုံးသပ်ပြောဆိုသည်။

ကျွန်တော်ထင်တာကအရိုးရှင်းဆုံးပြောရရင် စစ်ကောင်စီက ထောက်ပို့တွေ၊ သပိတ်ဦးဆောင် တဲ့သူတွေ ခိုအောင်းနေနိုင်တဲ့ နေရာရှိနိုင်တဲ့နေရာတိုင်းကို အကြောက်တရားရိုက်သွင်းရင်းနဲ့ဝင်စီးတာပေါ့။ ဖမ်းပြီးတော့ စစ်ဆေးမယ်အဲ့ထဲကမှ သူတို့တွေ့ရင် ဖမ်းထားမယ်ပေါ့။ အဲ့ထဲမှာ PDF တွေလည်းရှိနိုင်တယ်ပေါ့။ သူတို့အထင်ဒါတွေကမဖြစ်သင့်ဘူး။ ပြည်သူကိုလက်နက်အားကိုးပြီး အနိုင်ကျင့်တာဗျဟုပြောသည်။

ရှရော်ခ (Sharaw Hka) ကျေးရွာတွင် နေထိုင်သော ပြည်သူများမှာ စစ်ကိုင်းတိုင်း ပုလဲ၊ ကန့်ဂေါ် ဘက်မှ ပြောင်းရွေ့လာသူများဖြစ်ကြပြီး ၎င်းတို့ကို ဖေဖော်ဝါရီလ ၂၅ ရက် နောက်ဆုံးထားကာ ထိုနေရာမှ ပြောင်းရွေ့ပေးရန် စစ်ကောင်စီမှ အသိပေးခဲ့သည်။

ဖေဖော်ဝါရီလ ၂၇ ရက်နေ့ကလည်း စဗျစ်ခူးကျေးရွာအနီး စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲခံရ၍ စဗျစ်ခူးရွာသား ၆၀ ကျော်ကို ဝင်ရောက်ဖမ်းဆီးခဲ့သည်။

Show More

Related Articles

Back to top button