KIA တပ်ရင်း ၆ ဗုံးကျဲတိုက်ခိုက်ခံရပြီး ထိခိုက်ပျက်စီးမှုရှိ

ဖားကန့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၉  တပ်ရင်း ၆ နယ်မြေကို စစ်ကောင်စီက ယနေ့ နံနက်ပိုင်း ဂျက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ တပ်တွင်းနေရာအချို့ ထိခိုက်ပျက်စီးမှု ရှိခဲ့ကြောင်းသိရသည်။

မတ်လ ၁၀ ရက်နေ့ ယနေ့နက်အစောပိုင်း ၁ နာရီဝန်းကျင် စစ်ကောင်စီ၏ ဂျက်လေယာဉ် ၂ စီး ဖြင့် ၄ ကြိမ်ထက်မနည်း လာရောက် ဗုံးကျဲတိုက်ခိုက်ခဲ့သောကြောင့် KIA တပ်ရင်း ၆ တပ်စခန်း မီးဖိုးချောင်နှင့် ခန်းမဆောင်တစ်ချို့ ထိခိုက်ပျက်စီးမှုရှိခဲ့သည်ဟု KIA နှင့် နီးစပ်သော ပြည်သူတစ်ဦးက KNG ကို ပြောသည်။

ကားထားတဲ့ အဆောင်တစ်ခု၊ ဆေးရုံအဆောင်၊ မီးဖိုဆောင် ၃ နေရာထိသွားတယ်။ ဒါတောင် လေယာဉ်လာမယ်လို့ သိထားလို့ ကြိုရှောင်ထားတဲ့အတွက် လူက အထိအခိုက် သိပ်မရှိလိုက်ဘူး ဟု ပြောသည်။

စခန်းတချို့ ထိခိုက်ပျက်စီးမှုရှိခဲ့သည့်အပြင် လေယာဉ်ဗုံးကြောင့် KIA တပ်သား ၃ ဦးထက်မနည်း ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း သူကဆက်ဆိုသည်။

လက်ရှိ ဗုံးကျဲတိုက်ခိုက်ခံရသည့် KIA တပ်ရင်း ၆ နေရာသည် ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းမှသာ စခန်းနေရာအသစ် ရွေ့ပြောင်းထားသော နေရာတစ်ခုဖြစ်ပြီး ယခု ပထမဆုံးအကြိမ် လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ယခင် KIA တပ်ရင်း  စခန်းနေရာသည် ဖားကန့်မြို့နယ် ကံဆီးကျေးရွာဘက်တွင် တည်ရှိခဲ့သော်လည်း ပြီးခဲ့သော အောက်တိုဘာလ ၂၃ ရက်နေ့ အနန့်ပါ (A Nang Pa) ဗုံးကျဲ တိုက်ခိုက်ခံခဲ့ရသည့်အတွက် နေရာရွှေ့ပြောင်းခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီတပ်သည် ယခုနှစ် ၂၀၂၃ တွင် ဖားကန့်ဒေသ KIA တပ်မဟာ ၉ နယ်၊ တပ်ရင်း ၂၆ နှင့် တပ်ရင်း ၆ နေရာတို့လာတွင် လာရောက်ဗုံးကျဲတိုက်ခိုက်ခဲ့သည့် အကြိမ်ရေ ၆ ကြိမ်ထက်မနည်းရှိလာပြီဟု သတင်းအရင်းအမြစ်များက ပြောသည်။

ယခုလို စစ်ကောင်စီဘက်မှ ဖားကန့်ဒေသဘက်သို့ လာရောက်ဗုံးကျဲတိုက်ခိုက်ခြင်းနေသည် ဆယ်ဇင်းဒေသ တပ်ရင်း ၂၆ နယ်မြေတို့တွင် KIA ဘက်မှ စစ်ကောင်စီတပ်စခန်းများကို မကြာခဏ သွားရောက်တိုက်ခိုက်မှုများရှိနေသလို တစ်ဖက်မှာ ဖားကန့်ဒေသကို စစ်ကောင်စီက ထိန်းချုပ်ရန် ကြိုးစားလုပ်ဆောင်နေခြင်းဖြစ်သည်ဟု သိရသည်။

Show More
Back to top button