သတင်း

နန်းမား လူငယ် ၃ ဦး ပုဒ်မ ၅၀၅ ဖြင့် တရားစွဲဆိုခံရ

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန်းမားမြို့တွင် အကြောင်းမဲ့ ဖမ်းဆီးခံရသည့် လူငယ် ၃ ဦးကို စစ်ကောင်စီိအဖွဲ့က ဥပဒေ ပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲဆိုလိုက်ကြောင်းသိရသည်။

လူငယ် ၃ ဦးသည် မတ်လ ၇ ရက်နေ့ ဖမ်းဆီးခံလိုက်ရပြီး ၉ ရက်နေ့တွင် တရားစွဲဆိုလိုက်ကြောင်း သိရသည်ဟု နန်းမားမြို့နေ အမျိုးသားတစ်ဦးက KNG ကိုပြောသည်။

ဘယ်လိုကြောင့် ဖမ်းဆီးခံရမှန်းတော့မသိဘူး။ သတင်ပေးပဲနေမှာပေါ့ တစ်ယောက်ကတော့ သတင်းပေးလို့ ဖမ်းခံလိုက်ရတာ။ ကလေးတွေက သာမာန်ပြည်သူတွေပါပဲ ဘယ်လိုဆက်စပ်ပြီး ဖမ်းခံရတယ်ဆိုတာ အခုထိမသိရသေးဘူး။ အခုသူတို့ကို မိုးညှင်းမှာလို့သိရတာ တစ်ခါတည်းဖမ်းပြီး တရားစွဲလိုက်တာဟုတ်တယ်ဟုပြောသည်။

မတရား ဖမ်းဆီးခံရသည့် လူငယ် ၃ ဦးမှာ အသက် ၂၀ ဝန်းကျင်အရွယ်ရှိသူများဖြစ်ကြသည့် မောင်စိုးထွန်းနိုင်၊ မဇင်မွန်ဦး နှင့် မပန်းသဇင်တို့ဖြစ်ကြောင်းသိရသည်။

ယင်းလူငယ် ၃ ဦးအနက် မဇင်မွန်ဦးသည် မြစ်ကြီးနားကားဂိတ်တွင် ဖမ်းဆီးခံရပြီး ကျန်နှစ်ဦးမှာ ၎င်းတို့၏ နေအိမ်တွင်ရှိနေစဉ်အတွင်း စစ်ကောင်စီအဖွဲ့က အရပ်ဝတ်များဖြင့် လာရောက်ဖမ်းဆီးခေါ်သွားသည်ဟု သိရသည်။

လက်ရှိအချိန်အထိ အဆိုပါ လူငယ် ၃ ဦးဖမ်းဆီးခံရမှုနှင့်ပတ်သက်ပြီး အသေးစိတ်မသိရသေးသည့်အတွက် ဆက်လက်စုံစပ်လျက်ရှိသည်။

နန်းမားမြို့တွင် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်နေ့ကလည်း အရပ်သား ၃၀ ကျော်ကိုစစ်ကောင်စီက မှားယွင်းဖမ်းဆီးခဲ့ပြီး ရိုက်နက်မှုများပြုလုပ်ကာ ပြန်လည်လွတ်ပေးခဲ့သည်။

Show More

Related Articles

Back to top button