ဖားကန့်တွင် KIA ၊ PDF အပါအဝင် ပြည်သူ စုစုပေါင်း ၉ ဦးထက်မနည်း ဖမ်းဆီးခံရ
ဖားကန့်မြို့နယ် ဖားပြင်ကျေးရွာတွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ PDF ပူးပေါင်းတပ်ဖွဲ့ဝင် ၄ ဦး နှင့် အရပ်သားပြည်သူ ၅ ဦး နေရာတစ်ခုတွင် ဖမ်းဆီးခံရကြောင်း ဒေသခံများမှ သိရသည်။
ယနေ့ မနက်ပိုင်း ၁၁ နာရီဝန်းကျင်ခန့် ဖားပြင်ကျေးရွာရှိ ရိုးရာယဉ်ကျေးမှုရုံးတွင် အစည်းအဝေးလုပ်နေစဉ် စစ်ကောင်စီတပ်မှ လာရောက်ဖမ်းဆီးသွား ဒေသခံတစ်ဦးက ပြောသည်။
“သတင်းအတိအကျ ရထားတဲ့ပုံစံဘဲ ယဉ်ကျေးမှုရုံးထဲမှာ အစည်းအဝေးလုပ်နေတဲ့ချိန် စစ်တပ်က တစ်ခါတည်း လာဝိုင်းပြီး ဖမ်းသွားတာလို့ သိရတယ်။ ဘယ်သူဘယ်ဝါဆိုတာ အသေးစိတ်တော့ မသိရသေးဘူး” ဟု ပြောသည်။
စစ်ကောင်စီတပ် အင်အား ၃၀ ဝန်းကျင်သည် ဖားပြင်ကျေးရွာအတွင်းရှိ ရိုးရာယဉ်ကျေးမှုရုံးသို့ အိမ်စီးကားများဖြင့် သေနတ်ပစ်ဖောက် ဝင်ရောက်လာပြီး ဖမ်းဆီးသွားကြောင်း သိရသည်။
“ဖမ်းထံသွားရတဲ့ထဲတော့ ဒေသခံတွေပိုများတယ်။ ရိုးရာယဉ်ကျေးမှုဝင်းစောင့်တဲ့သူရော နောက်ပြီး လောဘန်းတစ်ချို့လည်း ပါတယ်ပြောတယ်။ အတိအကျ ပြောဖို့ခက်သေးတယ်” ဟု ပြောသည်။
ထို့ပြင် ရိုးရာယဉ်ကျေးမှု အိမ်ဝင်းထဲရှိ Landcruiser အဖြူးတစ်စီး Kluger အနက်ရောင်တစ်စီးအပါအဝင် Wish အဖြူတစ်စီးကိုလည်း သိမ်းယူသွားသည့်အပြင် လက်ရှိချိန်ထိ ဖားကန့်မြို့ ဖားပြင်အပါအဝင် အချို့ရပ်ကွက်ရှိ နေအိမ်များတွင် လိုက်လံစစ်ဆေးမှုပြုလုပ်နေကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် ဇန်နဝါရီလအတွင်းမှစကာ ဖားကန့်မြို့ထဲ အရပ်သားပြည်သူများအပါအဝင် KIA၊ PDF နှင့် ဆက်စပ်သည်ဟု ယူဆသည့် နေအိမ်များထိ ဖမ်းဆီးမှု ဆက်တိုက်ပြုလုပ်နေကြောင်း သိရသည်။