တိုက်ပွဲသတင်း

ပူတာအိုအနီး စစ်ရေးတင်းမာနေပြီး ထပ်မံထွက်ပြေးတိမ်းရှောင်ရမည်ကို ဒေသခံများစိုးရိမ်နေ

ပူတာအိုမြို့ အနီးတွင် စစ်ကောင်စီတပ် နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၄ တို့ကြား စစ်ရေးတင်းမာနေသဖြင့် တိုက်ပွဲပြင်းထန်ကာ ထပ်မံ ထွက်ပြေးရမည်ကို ဒေသခံများ စိုးရိမ်နေကြသည်။

မတ်လ ၂၁ ရက်နေ့မှ စတင်ကာ မချန်းဘော ခလရ ၁၃၇၊ ၁၃၈ တပ်ရင်းမှ  စစ်အင်အား ၁၂၀ ဝန်းကျင်ခန့်သည် လုံရှာယန်ဘက်သို့ ဆင်းလာပြီး မတ်လ ၁၅ ရက်နောက်ပိုင်း မြစ်ကြီးနားဘက်မှ တက်လာသည့် စစ်အင်အား ကျော်ခန့်ရှိသည့် စစ်ကောင်စီ စစ်ကြောင်းသည်လည်း လက်ရှိတွင် လုံရှာယန်နှင့် ဖတ်မာ ကျေးရွာအနီးတဝိုက် ရောက်ရှိနေပြီဟု ဒေသခံများပြောသည်။

မြစ်ကြီးနားဘက်ကနေ တက်လာတဲ့ အဖွဲ့တွေက စစ်ကြောင်း ၃ ခုနဲ့ ပူတာအိုဘက်ကိုတက်လာကြတာဟုတ်တယ်။ အဲ့အဖွဲ့တွေက ပူတာအိုဘက်ကိုလည်း ကျော်လို့မရ သွားရင်လည်း KIA PDF အဖွဲ့တွေက ကြားတိုက်တာတွေရှိတဲ့ အတွက် အဲ့ဒီကျေးရွာအနီးတဝိုက်တွေမှာ ပုန်းခိုနေကြတာဟုတ်တယ်။ အဲ့ကြောင့် ကျနော်တို့ ဒေသခံတွေက မနှစ်တုန်းကလို တဖန်တိုက်ပွဲတွေပြန်ဖြစ်လာကြမှာကို စိုးရိမ်နေကြတယ်ဟုလုံရှာယန်ဒေသခံတစ်ဦးက KNG ကို ပြောသည်။

မြစ်ကြီးနားဘက်မှ တက်လာသည့် စစ်ကြောင်းနှင့် ပူတာအိုဘက်မှ ဆင်းလာသည့် စစ်ကောင်စီ စစ်ကြောင်း ၂ ခုပေါင်း စစ်အင်အား ၂၀၀ ကျော်ရှိပြီး လက်ရှိ လုံရှာယန်နှင့် ဖတ်မာကျေးရွာအနီးတဝိုက်တွင် တပ်ချထားသည်ဟု သိရသည်။

မတ်လ ၁၄ ရက်နေ့ မြစ်ကြီးနားဘက်မှ တက်လာသော စစ်ကောင်စီ စစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF တပ်ဖွဲ့တို့မှ မြစ်ကြီးနားမြို့နယ် နှင့် ဆွမ်ပရာဘွမ့်မြို့နယ်ရှိ တယန်ဇွပ်၊ မိုင်ထောင်း၊ ဆွပ်ခါ၊ ကဝါးပန့် စသည့် နေရာများတွင် ၆ ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့သည်။

ထို တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ ထိခိုက်မှုရှိခဲ့သည့်အတွက် လက်ရှိအချိန်အထိ လုံရှာယန်နှင့် ဖတ်မာကျေးရွာတွင် ဒေသခံများကို အကာအကွယ်ယူကာ ကျေးရွာအတွင်းတပ်စွဲနေထိုင်လျက်ရှိနေပြီး မတ်လ ၂၀ ရက်နေ့တွင် ပူတာအို နှင့် မချမ်းဘောဘက်မှ စစ်ကူအဖြစ် စစ်အင်အားပြန်လည် တိုးချဲ့ထားခြင်း ဖြစ်သည်။

လက်ရှိ နှစ်ဖက်တပ် စောင့်ကြည့်နေသည့်အခြေအနေတွင် တိုက်ပွဲဖြစ်ပွားလာနိုင်သောကြောင့် ဒေသခံများမှာ ထပ်မံ ထွက်ပြေးရမည်ကို စိုးရိမ်နေခြင်း ဖြစ်သည်။

မတ်လ ၂၀ ရက် ည ၁၀ နာရီဝန်းကျင်ကလည်း မူလာရှီဒီး ခလရ ၁၃၈ တပ်ရင်းမှ KIA နှင့် PDF အဖွဲ့ရှိနိုင်သည့် နေရာဘက်သို့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ဖတ်မာကျေးရွာ အနီးပတ်ဝန်းကျင်တွင် လက်နက်ကြီး ၃ လုံး ကျရောက်ပေါက်ကွဲခဲ့သည်ဟု နောက်ထပ်ဒေသခံ အမျိုးသားတစ်ဦးက ယခုလို ပြောဆိုသည်။

ဖတ်မာကျေးရွာအဝင်နားမှာရှိတဲ့ ဝါးရုံမှာတစ်လုံးကျတယ်။ တစ်လုံးကတော့ ဖတ်မာကျေးရွာအကျော် လုံရှာကျေးရွာ အနီးမှာ ကျကွဲမှုရှိတယ်။ နောက်တစ်လုံးက ရွာကနေ အသံအကျယ်ကြီးကြားရတယ်။ ပထမ ဝါးရုံမှာကျကွဲတဲ့ဟာက မိုင်းစတွေ နေအိမ်တစ်ချို့မှာ နည်းနည်းစီသွားထိတယ်လို့တော့ပြောတယ်။ ဒါပေမယ့် လူက တခြားထိခိုက်သွားတာမျိုး မရှိသွားဘူးဟုပြောသည်။

မြစ်ကြီးနားဆွမ်ပရာဘွမ့်ပူတာအို ကားလမ်းမတစ်လျှောက်တွင် KIA နှင့် PDF အဖွဲ့တို့က နယ်မြေစိုးမိုးထားသောကြောင့် စစ်ကောင်စီတပ်သည် နယ်မြေရှင်းလင်းရေးအတွက် ဝင်ရောက်လာခြင်း ဖြစ်နိုင်ကြောင်း ဒေသခံများ သုံးသပ်ပြောဆိုသည်။

လွန်ခဲ့သည့် ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းတွင်လည်း အဆိုပါ လုံရှာယန်၊ မတ်မာ စသည့် ကျေးရွာများတွင် စစ်ကောင်စီတပ်နှင့် KIA  PDF ပူးပေါင်းတပ်တို့ကြား နှစ်ပတ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထို့နောက် ယခု ၂၀၂၃ ခုနှစ်တွင် ပထမအကြိမ် စစ်ရေးတင်းမာလာခြင်း ဖြစ်သည်။

မြစ်ကြီးနားပူတာအို လမ်းပိုင်းကို နံနက်ပိုင်း ၆ နာရီမှ ည ၆ နာရီအထိသာ သွားလာခွင့်ရှိကြောင်းနှင့် ကုန်တင်ကားများကိုလည်း မိုးကာအကြည်ဖြင့်သာ ဖုံးအုပ်ပြီး သွားရန်၊ ခရီးသည်များအနေဖြင့်လည်း ကားမှန်ချသွားရန် စသည့် စည်းကမ်းချက်များကို KIA နှင့် PDF အဖွဲ့တို့က မတ်လ ၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

Show More

Related Articles

Back to top button