သတင်း

ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့က အရပ်သားများကို ဖမ်ဆီးပြီး ငွေကြေး သိန်းဂဏန်းရရှိနေ

ဖားကန့်မြို့နယ် လီဒိုလမ်းမပေါ်က စစ်ကောင်စီ လက်အောက်ခံ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့ ဟာ အရပ်သားပြည်သူတွေကို ဖမ်းဆီး ရိုက်နက်ပြီးတော့ ငွေကြေးနဲ့ ပြန်လည်ရွေးယူခိုင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မင်းဇင်သန့် ပြည်သူ့စစ်အဖွဲ့ဟာ ရှဒူးဇွပ်၊ ဝါရာဇွပ်၊ အောင်ရာ၊ စံပြ စတဲ့ ကျေးရွာတွေမှာရှိတဲ့ ဒေသခံတွေကို KIA နဲ့ ဆက်နွယ်မှုရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးမှုတွေ လုပ်ဆောင်ခဲ့တာပါ။

ဒါကြောင့် အခုနှစ် မတ်လကုန်ပိုင်းအထိ ဖမ်းဆီခံရတဲ့ ဒေသခံ ၁၀ ယောက်အထက်ရှိခဲ့ပြီးတော့ တစ်ယောက်ကို ငွေကျပ် ၃ သိန်း ကနေ သိန်း ၂၀ အထိ ပေးဆောင်မှပဲ လွတ်ပေးမှုတွေရှိနေတဲ့အတွက် ပြည်သူ့စစ်အဖွဲ့က စီးပွားရေးအရဖြစ်ထွန်နေတယ်လို့ ရှဒူးဇွပ်ဒေသခံတစ်ယောက်က KNG ကို ပြောပါတယ်။

ပေးရတဲ့ စျေးနှုန်းကမတူကြဘူး တစ်ချို့ကတော့ သိန်း၊ သိန်းနဲ့ ပြီးသွားကြတယ်။ တစ်ချို့ကတော့ သူတို့ ရိုက်နက်ပြီးတော့ KIA ဖြစ်တယ်လို့ ဝင်ခံတဲ့သူတွေက ၁၀ သိန်းနဲ့ ၂၀ ကြားမှာ ရွေးထုတ်ခိုင်းကြတယ်လို့ ပြောပါတယ်။

အဲ့ဒီ ဖမ်းဆီးခံရတဲ့သူတွေထဲမှာ ဒေသခံတွေနဲ့အတူ KIA ဝန်ထမ်းတွေလည်း ပါဝင်တယ်လို့ သူက ပြောပါတယ်။ 

မင်းဇင်သန့် ပြည်သူ့စစ် လက်အောက် ဖမ်းဆီးခံရသူတွေဟာ ပုံမှန်အားဖြင့် ၂ ပတ်အကြာ ဖမ်းဆီးရိုက်နက်ခံရပြီးတော့ ငွေးကြေးပေးဆောင်တဲ့ သူတိုင်း ပြန်လည်လွတ်မြောက်လာတဲ့ သဘောမှာရှိနေတယ်လို့ ဆက်လက်သုံးသပ်ပြောဆိုပါတယ်။

“KIA အမှုထမ်းတွေကို သတင်းရလို့ အိမ်အထိသွားဖမ်းတာတွေလည်းရှိတယ်။ တစ်ချို့က သတင်းမရဘဲ လမ်းတွေမှာ စစ်ဆေးပြီးတော့ ဖမ်းခံရတဲ့သူတွေလည်းရှိတယ်။ ပြောရမယ်ဆိုရင် KIA အဖွဲ့တွေ ဖမ်းခံရတယ် ဆိုပေမယ့် ငွေးကြေးရှာတဲ့ သဘောပါ။ ပိုက်ဆံပေးတဲ့ သူတိုင်းကို ပြန်လွတ်ပေးတယ်လို့ ဒေသခံတစ်ယောက်က ပြောပြပါတယ်။

အခုနှစ်ဆန်းပိုင်းကပဲ ပြည်သူ့အဖွဲ့ဟာ စံပြကျေးရွာက အရပ်သား ၃ ယောက်ကို မင်္သကာမှုနဲ့ ဖမ်းဆီးသွားပေမယ့် ငွေကြေးပေးဆောင်ပြီးတာနဲ့ ပြန်လွတ်ပေးတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဇန်နဝါရီလမှာပဲ စံပြစစ်ရှောင်စခန်းက အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ယောက်ကိုလည်း သိန်း ၂၀ နဲ့ ပြန်လည်ရွေးယူလိုက်ရတယ်လို့ စစ်ရှောင်နဲ့ နီးစပ်တဲ့ ပြည်သူတစ်ယောက်က ပြောပါတယ်။

လီဒိုလမ်းမပေါ် ဝါရာဇွပ် နှင့် ရှဒူးဇွပ်ကျေးရွာတစ်လျာက်မှာ ပြီးခဲ့တဲ့နှစ်က ပြည်သူ့ စစ်တပ်ဖွဲ့က ဖမ်းဆီးထားတဲ့ဒေသခံတွေထဲက တချို့ပြန်လည်လွတ်မြောက်လာပေမယ့် အသတ်ခံရသူတစ်ချို့လည်းရှိကြောင်း ဒေသခံတွေ ပြောနေပေမယ့် KNG သတင်းဌာနအနေနဲ့တော့ အသေးစိတ် စုံစမ်းနိုင်ခြင်း မရှိခဲ့ပါဘူး။

Show More

Related Articles

Back to top button