သတင်း

ပဇီကြီးကျေးရွာအနီး ရဟတ်ယာဉ် ပျံဝဲနေသေးသဖြင့် ရုပ်အလောင်းများကို သဂြိုလ်မှုမပြီးစီးသေး

လေကြောင်းတိုက်ခိုက်မှု ခံရသော ကန့်ဘလူ ပဇီကြီးကျေးရွာတွင် စစ်တပ် ရဟတ်ယာဉ်များ ပျံဝဲနေဆဲ ဖြစ်သောကြောင့် သေဆုံးခဲ့သော အရပ်သား ပြည်သူများ၏ ရုပ်အလောင်းအားလုံးကို သဂြိုလ်ပြီးစီးနိုင်ခြင်းမရှိသေးကြောင်း မြေပြင်ကကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။

စစ်ကောင်စီတပ် နမခ ရဟတ်ယာဥ်များသည် ယနေ့ နံနက်ပိုင်းအထိ ယမန်နေ့က ဗုံးကျဲတိုက်ခိုက်ခံရသော နေရာအနီးတစ်ဝိုက်တွင် ပျံဝဲနေကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

နမခ ကနေတက်ခဲ့တဲ့ ဝေဟင်အသံတွေတော့ကြားရတယ် မြေပြင်မှာတော့ မနေ့ကသေဆုံးခဲ့တဲ့ ရုပ်အလောင်း အကုန်လုံးတော့ မရှင်းနိုင်သေးဘူးလို့ ပြောပါတယ်။ ဘာကြောင့်ဆို လေကြောင်းအန္တရယ်ကရှိနေသေးတော့ အဆင်ပြေတဲ့အချိန်လေးကိုပဲ ဝင်ရှင်းနေကြရတာ ရှင်းလင်းရေးလုပ်နေစဥ်မှာလေကြောင်းသံကြားရင်ပြန်ထွက် အဲ့လိုလုပ်နေရတာဟုပြောသည်။

ထို့အပြင် ပဇီကြီးကျေးရွာနှင့် ၄ မိုင်အကွာ မလည်ကျေးရွာတွင်လည်း စစ်ကောင်စီအထိုင်ချတပ်စခန်း ရှိနေသေးသည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။

ယမန်နေ့က သေဆုံးခဲ့ရသည့် လူဦးရေစာရင်းအတိအကျကိုတော့ လက်ရှိအချိန်ထိ တိကျစွာအတည်မပြုနိုင်သေးသလို ဒဏ်ရာရရှိခဲ့သည့် ဒေသခံများ ဆေးကုသပေးနေပြီး သေဆုံးမှုဦးရေလည်း ထပ်မံ တိုးလာနေကြောင်း သိရပါသည်။

Show More

Related Articles

Back to top button