တိုက်ပွဲသတင်း

ပဇီကြီး လေကြောင်းတိုက်ခိုက်ခံရမှုတွင် အရပ်သား ၁၆၈ ဦးအထိ သေဆုံးမှုရှိခဲ့ပြီး ရှင်းလင်းရေးဆောင်ရွက်နေဆဲ

ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာတွင် စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူများ အစုလိုက်အပြုံလိုက်သေဆုံးမှုတွင် ကျေးရွာ ၉ ရွာမှ ပြည်သူ ၁၆၈ ဦးအထိရှိခဲ့ကြောင်း မြေပြင်ကယ်ဆယ်ရေးအဖွဲ့ထံမှသိရသည်။

သေဆုံးမှုတွင် ဗုံးကျဲတိုက်ခိုက်ခံရသည့်နေရာတွင် ပွဲချင်းပြီး သေဆုံးသွားသူများသာဖြစ်ကြပြီး ထိုထဲတွင် ၆ နှစ်သားအရွယ်များနှင့် အသက်မပြည့်သေးသည့် ကလေးငယ်များ ၃၀ ကျော်သေဆုံးမှုရှိခဲ့သည်ဟု မြေပြင်ကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက KNG ကိုပြောသည်။

ကျနော်တို့ဘက်ရှိအချိန်ထိ မြေပြင်မှာ သေဆုံးစာရင်းကိုသွားကောက်ခဲ့တာ ရွာပေါင်း၉ ရွာကပြည်သူတွေလို့ သိရပါတယ် အခုထိသေဆုံးတာ ၁၆၈ယောက်ရှိပါတယ် ဆေးရုံကိုရောက်ရှိပြီးသေဆုံးတာတွေမပါသေးပါဘူး ဒါတောင် တစ်ချို့ရုပ်အလောင်းတွေက ကွဲကွဲပြားပြားကိုမသိတော့တာ အသားစတွေပြန့်ကျဲနေတာတွေကြောင့် အလောင်းပျောက်တွေကို တော်တော်များတယ်ဟုပြောသည်။

အဆိုပါ သေဆုံးမှုတွင် ပဇီကြီးကျေးရွာပြည်သူများ အများဆုံးပါဝင်ပြီး ရွာအနီးခြောက်စပ်က သာယာမွန်၊ မယ်ဇတော၊ ထနှောင်းကိုင်းကြီး၊ ရွာသာယာ၊ လေးတွင်းစဉ်၊ ကျောက်တံခါး၊ လားရှိုးနှင့် ကျောက်နီ စသည့် ကျေးရွာများပါဝင်ကြောင်းသိရသည်။

သေဆုံးမှုစာရင်းသည် ဗုံးကျဲတိုက်ခိုက်ခံခဲ့ရသည့်နောက်ပိုင်း ပျောက်ဆုံးနေသူစားရင်းများနှင့် မြေပြင်မှာကောက်ယူခဲ့ရသည့် စားရင်းအရသိရပြီး ထိခိုက်ဒဏ်ရာရရှိသူ ၇၀ ဦးအထိရှိကြောင်း သတင်းအရင်းအမြစ်ကပြောသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ဧပြီလ ၁၂ ရက်နေ့အထိ ဝေဟင်မှတဆင့် စောင့်ကြည့်မှုများရှိခဲ့သဖြင့် မြေပြင်တွင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရေး ကျန့်ကြာမှုရှိခဲ့သည့်အတွက်ကြောင့် ဧပြီလ ၁၃ ရက်နေ့အထိ ဆောင်ရွက်နိုင်ခြင်းမရှိသေးကြောင်းသိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ တာဝန်ရှိသူများ ပြောဆိုချက်အရ ပဇီကြီးကျေးရွာတွင် အရပ်သားသေဆုံးမှု ၁၂၀ နှင့် ၁၅၀ ဦး နီးပါး သေဆုံးမှုရှိနိုင်ကြောင်း ပြောဆိုထားသည်။

ပဇီကြီးကျေးရွာတွင် လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် အရပ်သားပြည်သူ အစုလိုက်အပြုံလိုက်သေဆုံးမှုသည် စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်ခဲ့ရာ မြေပြင်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့၏ ယမ်း၊ မိုင်း သိုလောင်ထားရှိသည့်နေရာကို ထိမှန်ခဲ့သောကြောင့် ယခုလို သေဆုံးမှုများခဲ့ကြောင်း စစ်ကောင်စီဘက်က ပြောဆိုထားသည်။

Show More

Related Articles

Back to top button