စစ်ပြေးဒုက္ခသည်များသတင်း

ပဇီကြီးရွာ အနီးတစ်ဝိုက်တွင် စစ်ကောင်စီတပ် အင်အား ၂၀၀ ဝန်းကျင်ဖြင့် ဝင်ရောက်လာ

လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် အရပ်သားအစုပြုံလိုက်သေဆုံးခဲ့သည့် ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာအနီးတစ်ဝိုက်တွင် ယနေ့နံနက်ပိုင်းမှစတင်ပြီး စစ်အင်အား ၁၅၀ စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက် နေရာယူထားသည်ဟု သိရသည်။

စစ်အင်အား ၁၅၀ ခန့်ပါဝင်သော စစ်ကောင်စီ စစ်‌ကြောင်းသည် ဧပြီလ ၁၉ ရက်နေ့မှစတင်ကာ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်မှ ကန့်ဘလူနယ် မလည်ကျေးရွာတွင် ညအိပ်တပ်စွဲပြီး ယနေ့နံနက်ပိုင်းတွင် ပဇီကြီးကျေးရွာအပါအဝင် အနီးတစ်ဝှိုက်ကျေးရွာများကို စစ်ကြောင်းထိုး ဝင်ရောက်နေခြင်းဖြစ်သည်ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

စစ်ကြောင်းက မနေ့က မနက်ကတည်းက မလည်ရွာကနေစထိုးတာပေါ့။ ဒီမနက် ပဇီကြီးကျေးရွာကိုတော့ စဝင်တယ် ညနေ ၄နာရီလောက်မှာရောက်တယ်ဆိုသည်။

ပဇီကြီးကျေးရွာတွင် ပြီးခဲ့သည့် ဧပြီလ ၁၁ ရက်နေ့ လေကြောင်းတိုက်ခိုက်ခံရပြီးနောက် ‌အရပ်သားပြည်သူများယနေ့ချိန်ထိထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်သောကြောင့် သောက်သုံးရေနှင့် ဆေးဝါးအခက်အခဲများ ကြုံတွေ့နေရသည့်အပြင် ရာသီဥတု ပူပြင်းလာတာကြောင့် နေစရာ အခက်အခဲများကြုံလာရပြီး နာမကျန်းဖြစ်မှာကို စိုးရိမ်လာရသည်ဟု သူက ဆက်ပြောသည်။

ခုထိကို ရွာထဲပြန်ဝင်ရဖို့နေနေသာသာ ခုစက‌စတွေက ရွာမှာထပ်ပြီးဝင်နေတော့ ပြည်သူတွေက တောထဲမှာ ခိုနေရတုန်း အဲတော့ အစားအသောက်တွေအရေးပေါ်လိုအပ်နေပါတယ်ဟုမလည်ရွာမှ ဒေသခံတစ်ဦးကပြောသည်။

လက်ရှိတွင် ပဇီကြီး၊ ထန်းတော၊ လေးတွင်းစဥ်၊ ချောင်းရှည်၊ ချောင်းသာ၊ မယ်ဇတော နှင့် ချောင်းမကြီးစသည့် ကျေးရွာများမှ ဒေသခံ ၅၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရခြင်း ဖြစ်သည်။

ပဇီကြီးကျေးရွာသည် ဧပြီလ ၁၁ ရက်နေ့ စစ်ကောင်စီတပ်၏ လေကြောင်းပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၁၈၀ ဝန်းကျင် သေဆုံးခဲ့ရသည်။

AAPP ရဲ့ ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးနောက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၂၀၂၁ ဖေဖော်ဝါရီလမှ ၂၀၂၃ ဧပြီလ ၁၉ ရက်နေ့ထိ သတ်ဖြတ်ခံရသူ ၃၄၁၂ ဦးထိရှိပြီဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

Show More

Related Articles

Back to top button