တိုက်ပွဲသတင်း

စစ်တပ်ဖမ်းဆီးသွားသော Maden Yang ကျေးရွာသားများကို ပြန်မလွတ်သေးဘဲ နောက်ထပ်ကျေးရွာများသို့ စစ်ကြောင်းထိုးနေ

ဖားကန့်မြို့နယ် မှော်ဘုံကျေးရွာတွင် စစ်ကောင်စီဖမ်းဆီးသွားသည့် အရပ်သားများ လွတ်မြောက်လာခြင်းမရှိသေးသည့်အပြင် စစ်ကောင်စီတပ်သည် မှော်ရှန်၊ ကံဆီးနှင့် ဆန်ခါဘက်သို့ ဆက်လက်ပြီး စစ်ကြောင်းထိုးနေသည်ဟု သိရသည်။

ဧပြီလ ၂၁ ရက်နေ့ မနက် ၄ နာရီအချိန်တွင် အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီ စစ်ကြောင်းသည် Maden Yang (မှော်ဘုံ) ကျေးရွာကို ဝင်ရောင်စီးနင်းခဲ့ပြီး အရပ်သား ၇၀ ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းသွားရာ ယနေ့ထိ ပြန်မလွတ်သေးကြောင်း ဖားကန့် PDF နှင့် ရင်းနီးသည့် လူငယ်တစ်ဦးက KNG ကိုပြောသည်။

ကျနော့အသိတွေလည်း သုံး လေး ယောက်ပါသွားတယ် ခုထိတော့ မလွတ်လာသေးဘူး။ ဖမ်းသွားတာ အားလုံး ၇၅ ယောက်တဲ့ဗျ ။အဲ့စစ်ကြောင်းက ဖမ်းသွားတဲ့ဒေသခံတွေကို လူသားဒိုင်းလုပ်ပြီးအခုစစ်ကြောင်းသုံးကြောင်း ခွဲနေတယ်ဟုပြောသည်။

အဆိုပါစစ်ကြောင်းသည် ယမန်နေ့ ညပိုင်းက Maden Yang (မှော်ဘုံ) ကျေးရွာမှ စစ်ကြောင်းသုံးကြောင်းခွဲကာ ဆန်ခါဘက်သို့ တစ်ကြောင်း၊ ကံဆီးဘက်သို့တစ်ကြောင်း၊ မှော်ရှန်ဘက်သို့တစ်ကြောင်းသုံးကြောင်းခွဲ၍ ထွက်သွားပြီးနောက် စစ်ကြောင်း တစ်ကြောင်းစီတွင် လူသားဒိုင်းအဖြစ်ဖမ်းခံထားရသည့် အရပ်သားများ ပါဝင်နေကြောင်း သိရသည်။

သူတို့က ကံဆီးဘက်တို့ပြီးရင် တော်လှန်ရေးနဲ့ ပတ်သက်ဆက်နွယ်နေတဲ့လမ်းကြောင်းလို့ သူတို့ထင်နေတဲ့နေရာတွေကို ပိတ်စို့ချင်နေတာ ပြောရချင် ဖြတ်လေးဖြတ်လုပ်ချင်နေတာ။ အဲ့တာကြောင့် ကံဆီးဘက်တို့တွေကို သူတို့စစ်ကြောင်းထိုးလာတဲ့ သဘောပဲဟုဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိတွင် ကံဆီး၊ မှော်ရှန်ကျေးရွာများဘက်သို့ စစ်ကြောင်းဖြင့်ဝင်ရောက်နေမှုကြောင့် ဒေသခံပြည်သူအချို့ ထွက်ပြေးနေကြရပြီး လက်နက်ကြီးလက်နက်ငယ် ရမ်းသမ်းပစ်ခတ်မှုလည်း ရှိနေကြောင်းသိရသည်။

စစ်ကောင်စီတပ်သည် Maden Yang မှ ထွက်ခွာသွားစဉ် အရပ်သားများဖမ်းဆီးသွားသည့်အပြင် လမ်းသွယ် ၁၁ ရှိ လူနေအိမ်တစ်လုံးနှင့် ပစ္စည်းသိုလောင်ရုံ ဒိုဒေါင်တစ်လုံးတို့ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်

Show More

Related Articles

Back to top button