တိုက်ပွဲသတင်း

မှော်ဘုံကျေးရွာတွင် လူသားဒိုင်းအဖြစ် ဖမ်းဆီးခံရသည့် အရပ်သားပြည်သူများအား စစ်ယူနီဖောင်းဝတ်ဆင်ပေးပြီး စစ်ကြောင်းထဲခေါ်ဆောင်

ကချင်ပြည်နယ် ဖားကန့်မြို့နယ် မှော်ဘုံကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA PDF တို့ကြားတိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ လူသားဒိုင်းအဖြစ်ဖမ်းဆီးသွားသည့် အရပ်သားများအား စစ်ယူနီဖောင်းဝတ်ဆင်ပေးကာ တိုက်ပွဲအတွင်း အသုံးချနေကြောင်း ဒေသခံများထံမှ သိရသည်။ 

ယနေ့ နံနက် ၅ နာရီဝန်းကျင်မှစတင်ကာ စစ်ကောင်စီတပ်ဖွဲ့သည် လူသားဒိုင်းအဖြစ် ဖမ်းဆီးထားသည့် အရပ်သားများနှင့်အတူ ကံဆီးဘက်မှ မှော်ဘုံကျေးရွာဘက်သို့ ဝင်ရောက်လာသည့်အတွက် စစ်ကောင်စီစစ်ကြောင်းနဲ့ KIA PDF တို့ကြား နံနက် ၆ နာရီအချိန်မှ စတင်ပြီး နှစ်ဖက်တပ် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဖားကန့် PDF နှင့် နီးစပ်သူ အမျိုးသားတစ်ဦးက KNG ကိုပြောသည်။ 

တိုက်ပွဲဖြစ်နေတာက ရွာနဲ့တော့နည်းနည်းဝေးပါတယ် တောစပ်မှာဖြစ်နေတာ ဒီကောင်တွေက ဖမ်းဆီးသွား တဲ့အရပ်သားတွေကို ယူနီဖောင်းဝတ်ခိုင်းပြီးတော့မှ အဲ့လိုပြန်လုပ်လာခဲ့တာလေး ရှေ့ကနေ ချီတက်ခိုင်းခဲ့တာ မျက်မြင်တွေ့ခဲ့လူတွေက သတင်းစောစောပေးလာလို့ပေါ့မဟုတ်ရင် စိတ်မကောင်းစရာတွေဖြစ်တော့မှာဟုပြောသည်။ 

နှစ်ဖက်တပ်ထိတွေ့တိုက်ပွဲတွင် လက်နက်ကြီးဖြင့်သာ အပြန်အလှန်ပစ်ခတ်မှုရှိခဲ့ပြီး ထိုစစ်ကောင်စီ စစ်ကြောင်းတွင် အရပ်သားများပါဝင်နေသောကြောင့် KIA PDF ဘက်မှ ပစ်ခတ်မှုမရှိခဲ့ဘဲ စစ်ကောင်စီဘက်ကသာ ဆက်တိုက်ပစ်ခတ်မှုရှိခဲ့ကြောင်း  လုံးခင်းကျေးရွာနေ အမျိုးသားတစ်ဦးကပြောသည်။ 

လက်နက်ကြီးသံတွေကို အချက်ပေါင်းမနည်းတော့ဘူးဗျ မနက် ၆ နာရီ ထဲကပစ်တာ ၈ နာရီခွဲထိ လည်းကြားနေရတုန်းပဲဟုပြောသည်။

အဆိုပါ နှစ်ဖက်ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်သားနှင့် လူသားဒိုင်းအဖြစ် ဖမ်းဆီးထားသည့် အရပ်သားများထိခိုက်မှုရှိမရှိ KNG အတည်ပြုနေဆဲ ဖြစ်သည်။ 

ယင်းစစ်ကြောင်းသည် ဧပြီ ၂၁ ရက်နေ့က စစ်အင်အား ၁၀၀ ဝန်းကျင် နှင့် မှော်ဘုံကျေးရွာအတွင်း ဝင်ရောက်ခဲ့သည့် စစ်ကြောင်းဖြစ်ပြီး အရပ်သားပြည်သူ ၂၀၀ ဝန်းကျင်အား ဖမ်းဆီးသွားပြီးနောက် အရပ်သား ၁၅၀ အား မလိဇွပ်အချုပ်ထောင်တွင် ချုပ်ထားဆဲဖြစ်ပြီး ကျန် ၅၀ ဦးအား ကံဆီးဘက်သို့ဖမ်းဆီးခေါ်ဆောင်သွားသည့် စစ်ကြောင်းဖြစ်သည်။

ထို့နောက် ကံဆီးဘက်သို့ လူသားဒိုင်းအဖြစ်ခေါ်ဆောင်သွားသည့်အရပ်သားပြည်သူ ၅၀ ဝန်းကျင်အား စစ်ယူနီဖောင်းများ ဝတ်ဆင်စေကာ ယနေ့နံနက် ၅ နာရီဝန်းကျင်တွင် ကံဆီးဘက်မှ မှော်ပုံကျေးရွာဘက်သို့ တစ်ဖန်ပြန်လည်စစ်ကြောင်းထိုးဝင်ရောက်လာခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။ 

ကံဆီးဘက်ခေါ်သွားတဲ့သူတွေကို စစ်ယူနီဖောင်းဝတ်ပြီး ပြန်ဝင်လာတာ ဒီထက်ယုတ်မာတာတော့ မရှိတော့ဘူးဟုဒေသခံတစ်ဦးကပြောသည်။

ဖားကန့်မြို့တွင် ယခုနှစ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စပျစ်ခူးကျေးရွာနှင့် ရှရော်ခကျေးရွာများမှ ဒေသခံရာနှင့်ချီဖမ်းဆီးခေါ်ဆောင်သွားသည့်ဖြစ်စဉ်များ ဆက်တိုက်လုပ်ဆောင်လာနေသည့်အပြင် လူသားဒိုင်းအဖြစ်အသုံးပြုပြီး စစ်ကြောင်းတွင်ခေါ်ဆောင်သွားခြင်းများ ဆက်တိုက်ပြုလုပ်လာနေကြောင်း ဒေသခံများကပြောသည်။

ဧပြီလ ၂၁ ရက်နေ့က စစ်ကောင်စီဖမ်းဆီးခံရသည့်မှော်ဘုံကျေးရွာသားများ အနက်အချို့ကိုစစ်ကောင်စီတပ်ကစစ်ကြောင်းအတွင်း လူသားဒိုင်းအဖြစ်အသုံးပြုနေပြီး အချို့ သက်ကြီးပိုင်းအများစုနှင့် အမျိုးသမီးအများစုကို ဆန်ခါထောင်တွင် လက်ရှိအချိန်ထိဖမ်းဆီးထားဆဲဖြစ်သည်။

Show More

Related Articles

Back to top button