လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

သေနတ်ဒဏ်ရာဖြင့် သေဆုံး‌နေသည့် အမျိုးသားနှစ်ဦး ရုပ်အလောင်းထပ်မံတွေ့ရှိ

ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မှော်စီစာကျေးရွာအဝင် ဖားကန့်-လုံးခင်းသွား မိန်းလမ်းမကြီးပေါ်တွင် သေနတ်ပစ်သတ်ခံထားရသည့် အမျိုးသားနှစ်ဦး၏ ရုပ်အလောင်းကို ဒေသခံများက ထပ်မံတွေ့ရှိခဲ့ကြောင်း ပြောသည်။

ပစ်သတ်ခံထားရသည့် အဆိုပါ ရုပ်အလောင်းများသည် နှိပ်စက်ထားသည့်ဒဏ်ရာများလည်း ရှိပြီး ယနေ့နံနက်အစောပိုင်း၌ တွေ့ရှိခဲ့ကြောင်း လုံးခင်းဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“လူတွေကိုခေါ်လာပြီးမှ အဲ့နေရာရောက်မှ ပစ်သတ်သွားတဲ့ပုံဘဲ သေနတ်ပစ်ထားပုံက နောက်ကနေပစ်တာ ပွင့်ထွက်တာက ရှေ့ဘက် ပြီးတော့ မနေ့ကပစ်သတ်ခံထားရသူနဲ့ ဒီနေ့ပစ်သတ်ခံထားရသူတွေရဲ့ ပစ်ခတ်တဲ့ကျည်အမျိုးအစားတူ” ဟု ပြောသည်။

ယမန်နေ့ မေလ ၅ရက်တွင်လည်း ရှရော်ခကျေးရွာအဝင်နှင့်မျောက်ဖြူကျေးရွာ သွားသည့်လမ်းဆုံလမ်းခွ၌ သေနတ်ဖြင့်ပစ်သတ်ထားသည့်အမျိုးသားနှစ်ဦး၏ အလောင်းအား လာရောက်စွန့်ပစ်ထားထားကြောင်း သိရသည်။

ဒေသခံများ၏ ပြောဆိုချက်အရ ယမန်နေ့ အသတ်ခံထားရသည့် အမျိုးသား ၂ ဦးသည် KIA တပ်ဖွဲ့ဝင်များဖြစ်ကြောင်း KIA နှင့် နီးစပ်သူများမှ အတည်ပြုပြောဆိုသော်လည်း ယနေ့နံနက် သတ်ဖြတ်ခံထားရသူများမှာ မည်သူမည်ဝါဖြစ်ကြောင်း အသေးစိတ်မသိရသေးပေ။

စစ်ကောင်စီတပ်များသည် ယခုရက်ပိုင်း ဖားကန့်မြို့နယ်တွင်း စစ်အင်အားအလုံးအရင်းထပ်မံတိုးချဲ့နေသည့်အပြင် ဖမ်းဆီးသတ်ဖြတ်မှုများလည်း ပိုမိုဆိုးရွားလာနေကြောင်း သိရသည်။

“ခုကြည့်ရတဲ့အခြေနေအရ သူတို့က ဖမ်းထားတဲ့သူတွေထဲက မသင်္ကာတဲ့သူတွေကို ရွာထဲခေါ်လာပြီး လာသတ်ပြနေ ပြည်သူတွေအကြောက်တရားပြနေတာလို့ဘဲ မြင်တယ်” ဟု ‌ဖားကန့်ဒေသခံတစ်ဦးက ပြောသည်။

ယခုနှစ် ဧပြီလ ၂၄ ရက်နေ့တွင်လည်း စစ်ကောင်စီမှ ဗိုလ်မှူး ‌အသတ်ခံရသည့် Happy KTV အဝင်လမ်းရှေ့တွင် ဖမ်းဆီးထားသည့် အမျိုးသားနှစ်ဦးအား စစ်ကောင်စီမှ ရက်ရက်စက်စက် ပစ်သတ်ထားခဲ့သည်။

ဖားကန့်၌ ပြီးခဲ့သည့်လများအတွင်း စစ်ကောင်စီက စပျစ်ခူးကျေးရွာတွင် လူ ၇၀ ကျော်၊ ရှရော်ခကျေးရွာတွင်လူ ၁၀၀ ကျော်၊ ဆိုင်းဖရာကျေးရွာတွင်လူ ၃၀ ကျော်၊ မှော်ပုံကျေးရွာတွင်လူ ၂၀၀ ကျော်၊ မဇွပ်ယန်ကျေးရွာနှင့်မလန်းကျေးရွာတို့တွင်လူ ၆၀ ကျော်ကို စစ်တပ်က အတင်းအဓမ္မဖမ်းဆီးပြီး လူသားဒိုင်းကာအဖြစ် အသုံးပြုခြင်း၊ ထမင်းမကျွေးပဲထားခြင်း၊ ထိုးကြိတ်နှိပ်စက်ခြင်းများအပြင် လက်နက်ခဲယမ်းများ သယ်ခိုင်းခြင်းများ လုပ်ဆောင်ခဲ့သည်။

ထိုအထဲမှ အများစုကိုပြန်လွှတ်ပေးခဲ့သော်လည်း မသင်္ကာသူများအား ငရဲခန်းစစ်ကြောရေးထဲတွင် သတ်ပစ်ပြီး လက်လွန်သွားကြောင်း မိသားစုထံ ပြီးစလွယ်အကြောင်းပြန်သည်။

စစ်ကောင်စီက ပြည်သူများအား ဖမ်းဆီးထားပြီး ပြန်မလွတ်သေးသူများရှိနေဆဲဖြစ်သလို အချို့ကို လူသွားလူလာများသည့်နေရာများ၌ သေနတ်ဖြင့်ပစ်သတ်ကာ စွန့်ပစ်ထားခဲ့ခြင်းများ ပိုမိုလုပ်ဆောင်လာ‌ နေသည်။

Show More

Related Articles

Back to top button