သတင်း

အင်းတော်အနောက်ဘက်တွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေမှုကြောင့် ဒေသခံများ ပဲကောက်တောင်သူများအခက်တွေ့နေ

ကချင် စစ်ကိုင်းနယ်စပ် အင်းတော်မြို့နယ် အနောက်ဘက်ခြမ်းရှိ ကျေးရွာများတွင် စစ်ကောင်စီတပ် ဝင်ရောက်တပ်စွဲနေမှုကြောင့် ပဲကောက်တောင်သူများ ပဲကောက်ရန် အခက်အခဲကြုံတွေ့နေရကြောင်း ဒေသခံများထံမှ သိရသည်။

အင်းတော်မြို့ အနောက်ဘက်ခြမ်း အင်းတော်ဗန်းမောက် ကားလမ်းမကြီးဘေး အောင်းကုန်း၊ အင်ပင်၊ တုံ့တော် နှင့် နံ့သာကျေးရွာများတွင် စစ်ကောင်စီတပ် အင်အား ၁၀၀ ကျော်ရှိသည့် စစ်ကြောင်း ပြီးခဲ့သော မတ်လဆန်းပိုင်းမှစပြီး လက်ရှိချိန်ထိ ဝင်ရောက်တပ်စွဲနေသောကြောင့် ပဲကောက်တောင်သူများအတွက် အခက်အခဲဖြစ်နေကြောင်း အင်းတော်မြို့နေ အမျိုးသားတစ်ဦးက KNG ကို ပြောသည်။

စစ်သားတွေတပ်စွဲထားကတည်းက ဒေသခံတွေက ထွက်ပြေးနေရတာလည်း အခုချိန်ထိရွာထဲမဝင်ရဲကြသေးဘူး။ အခုက ပဲကောက်ချိန်ရောက်ပြီ စစ်သားတွေကလည်း မထွက်သေးတော့ ရွာသားတွေက ပဲကောက်ဖို့ခက်ခဲနေတာဟု ပြောသည်။

အထက်ဖော်ပြခဲ့သည့် ကျေးရွာလေးရွာမှ ဒေသခံပြည်သူ ၆၀၀၀ ကျော်သည် လက်ရှိဘေးလွတ်ရာသို့ တိမ်းရှောင်နေရပြီး စစ်ကောင်စီတပ် မေလကုန်ထိ စစ်ကြောင်းထွက်ခွာခြင်းမရှိပါက ဒေသခံများပဲ ကောက်ခွင့်ရမည်မဟုတ်ကြောင်းသိရသည်။

ပဲက မိုးမကျခင်ကောက်ရတာ ဒီငါးလပဲအပြီးကောက်ရတာပေါ့။ ဒီဘကလူတွေက စပါးနဲ့ပဲကို ပဲအဓိကထားပြီးစိုက်ကြတာဟု ဒေသခံတစ်ဦးက ပြောသည်။

အင်းတော်မြို့နယ်တွင် ဝင်ရောက်နေသည့်စစ်ကြောင်းများသည် ယခင်ကအရပ်သားများဖမ်းဆီးမှုပြီး ရိုက်နက်ခြင်း၊ လူသားဒိုင်းပြုလုပ်ခြင်း၊ သတ်ဖြတ်ခြင်းတို့ မကြာခဏပြုလုပ်ခဲ့သောကြောင့် ဒေသခံတောင်သူများသည် အဆိုပါ စစ်ကြောင်းနှင့် ထိပ်တိုက်တွေ့မည်ကို စိုးရိမ်နေသဖြင့် ပဲမကောက်နိုင်ပဲ တိမ်းရှောင်နေရခြင်းဖြစ်သည်ဟု အင်ပင်ကျေးရွာမှ အမျိုးသမီးတစ်ဦးက KNG ကိုပြောသည်။

စစ်ကြောင်းက ခုလောလောဆယ်တော့ နန့်သာမှာ ထိုင်ထားတယ်။ ပြီးရွာပြင်ဘက်တွေမှာလည်း ကင်းပုန်းချထားတာရှိတယ်။ သူတို့ လူစိမ်းမြင်ရင်ပစ်မှာခတ်မှာနဲ့ ဖမ်းခံရမှာကြောက် လို့ဒေသခံတွေကမသွားရဲဘူး။ သူတို့က ရံဖန်ရံခါရွာထဲတွေမှာ ဝင်ပြီးတော့ တွေ့တဲ့လူကိုခေါ်သွားတာမျိုးလမ်းပြသော်လည်းကောင် ခေါ်သွားတာမျိုးရှိတယ်အဲ့ကြောင့်မသွားရဲကြဘူးဟုယင်းအမျိုးသမီးက ပြောသည်။

ပြီးခဲ့သည့်လတွင်လည်း နန့်သာကျေးရွာနေ အမျိုးသားတစ်စုသည် နန့်သာရွာနှင့်လွတ်ကင်းသည့် တောထဲတစ်နေရာတွင် နေကြာခင်းအတွက် အခင်းခုတ်နေစဥ် စစ်ကောင်စီတပ်က လက်နက်လက်များဖြင့်ပစ်ခတ်လာမှုကြောင့် ထွက်ပြေးနေရကြောင်း သူကဆက်ပြောသည်။

နန့်သာ၊ အင်ပင်၊ တုံ့တော်နဲ့ အောင်းကုန်းကျေးရွာများသည် အင်းတော်နဲ့ ၈ မိုင်ကျော်ဝေးပြီး ရွာချင်းဆက်နေသည့်ကျေးရွာဖြစ်ကြောင်း သိရသည်။

အဆိုပါကျေးရွာများသည် အိမ်ခြေ ၁၀၀ ဝန်းကျင်ခန့်ရှိသည့်ရွာငယ်များဖြစ်ပြီး ဒေသခံအားလုံးက ပဲနဲ့စပါးစိုက်ကာ အသက်မွေးဝမ်းကြောင်းပြုနေကြရကြောင်း ဒေသခံများထံမှ သိရသည်။

အောင်းကုန်းရွာ၊ နံ့သာရွာနဲ့တုံ့တော်ကျေးရွာတို့မှ လူနေအိမ်အချို့ကို ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းက စစ်တပ်ကမီးရှို့ဖျက်ဆီးခဲ့ဖူးပြီး အရပ်သားများ ဖမ်းခံရမှုမကြာခနရှိခဲ့ဖူးကြောင်း သိရသည်။

Show More

Related Articles

Back to top button