သတင်း

ကန့်ဘလူတွင် စစ်ရှောင်ပြည်သူ ၁၅ ဦးအား ဓားစာခံအဖြစ်ဖမ်းဆီးသွား

ကန့်ဘလူမြို့နယ်ရှိ ထောက်ရှာအိုင်ကျေးရွာမှ စစ်ရှောင်ပြည်သူ ၁၅ ဦးကို စစ်တပ်က ဓားစာခံအဖြစ် ဖမ်းဆီးသွားကြောင်း ဒေသသတင်းအရင်းအမြစ်များထံမှသိရသည်။

စစ်ကောင်စီတပ်သည် မေလ ၇ ရက်နေ့ နံနက် ၇နာရီခန့်တွင် ထောက်ရှာအိုင်ကျေးရွာကို ဝင်ရောက်စီးနင်းပြီး ကျေးရွာရှိနေအိမ်များကိုလည်းမီးရှို့ခဲ့ပြီးနောက် စစ်ရှောင်ပြည်သူ ၁၅ဦးကိုလည်း ဓားစာခံအဖြစ်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့မှတာဝန်ရှိသူတစ်ဦးက ဆိုသည်။

စစ်ကြောင်းထိုးရင်းနဲ့ စစ်ရှောင်တွေကိုတွေ့ပြီး ၁၅ဦးကို ဓားစာခံအဖြစ်ဖမ်းဆီးခံသွားတယ်လို့အတည်ပြုလို့ ရပါတယ်။ ဒါပေမဲ့ဘယ်သူဘယ်ဝါဆိုတာ ဘာမှမသိရသေးပါဘူး ပြီးတာနဲ့ ထောက်ရှာအိုင်ရွာကို ပစ်ဝင်ဝင်ပြီး မီးရှိုဖျက်ဆီးခဲ့တယ်။ ရွာကရှင်းလင်းရေး မလုပ်ရသေးတော့ နေအိမ်ဆုံးရှုံးမူကို အတည်မပြုနိုင်ပေမဲ့ ခန့်မှန်းအိမ်ခြေ ၆၀ လောက်ဆုံးရှုံးနိုင်တယ်လို့ သိရပါတယ်ဟုဆိုသည်။

ထောက်ရှာအိုင်ကျေးရွာ ယခုလို မီးရှို့ဖျက်ဆီးခံရမှုမှာ ပထမဆုံးအကြိမ်ဖြစ်ပြီး ဓားစာခံအဖြစ် ဖမ်းဆီးခံရသူများနှင့်လည်း ယနေ့ ညနေပိုင်းအထိ အဆက်အသွယ်တစ်စုံတစ်ရာမရရှိသေးကြောင်း သူကဆက်ပြော သည်။

စစ်ကောင်စီတပ်ဖွဲ့များသည် ထောက်ရှာအိုင်ကျေးရွာကို မီးရှို့ခဲ့ပြီးနောက် ထောက်ရှာအိုင်ကျေးရွာ နှင့် ၁မိုင်ခန့်အကွာရှိ ကျေးရွာဘက်သို့ စစ်ကြောင်းထိုးဝင်‌လာသည့်အတွက် အနီးတစ်ဝိုက်ကျေးရွာများရှိ ဒေသခံ ၃ ထောင်ခန့်သည် ဘေးလွှတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံများထံမှ သိရသည်။

ရွာတွေကတော့ စစ်ကြောင်းထိုးလာပြီဆိုတော့ စစ်လမ်းကြောင်းအနီးကရွာတွေကတော့ပြေးနေရပါတယ်။ စစ်ရှောင်နေရတာတော့ ထောက်ရှာအိုင်နဲ့ပေကြီးရွာက ဒေသခံ၃ထောင်ခန့်လောက်ရှိမယ် ဟုဒေသခံတစ်ဦးက ဆိုသည်။

ထောက်ရှာအိုင်ကျေးရွာသည် ကန့်ဘလူမြို့နယ်တောင်ဘက်ခြမ်း ဇီးကုန်းတိုင်နယ်တွင်တည်ရှိပြီး အိမ်ခြေ ၃၀၀ ကျော်ရှိသည့် ကျေးရွာတစ်ခုဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့သည် ခမရ၃၆၁ စစ်ကောင်စီတပ်ဖွဲ့ဖြစ်ပြီး ပြီးခဲ့သည့် မေလ၄ရက်နေ့ကလည်း သရက္ကံကြီးကျေးရွာဝင်ရောက်စီးနင်းချိန်တွင် စိတ်ကျန်းမာရေးမကောင်းသည့် အသက် ၅၀ ကျော်အရွယ် ဦးခိုင်ဇော်ကို သူ၏ နေအိမ်တွင် ပစ်သတ်ခဲ့သေးသည်ဟု ဒေသခံများထံမှသိရသည်။

Show More

Related Articles

Back to top button