သတင်း

လူနေရပ်ကွက်အထိ ကျောက်စိမ်းအလွန်အကျွံ့တူးဖော်လာမှုကြောင့် ဒေသခံများ သောက်သုံးရေခက်ခဲလာ

ဖားကန့်မြို့နယ် လုံးခင်း မှော်စီဆာကျေးရွာတွင် လူနေရပ်ကွက်များအထိ စက်ယန္တရားကြီးများဖြင့် ကျောက်စိမ်းအလွန်အကျွံ့ တူးဖော်လာသောကြောင့် ဒေသခံများ သောက်သုံးရေခက်ခဲလာကြောင်း သိရသည်။

 စစ်တပ် အာဏာသိမ်းပြီးချင်း ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းမှစတင်ကာ စစ်တပ်နှင့် ပူးပေါင်းသည့် ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီကြီးများသည် လူနေရပ်ကွက်များအထိပါ ကျောက်စိမ်းတူးဖော်လာသောကြောင့် လက်ရှိတွင် ရေကြောများ ပျက်လာကြောင်း မှော်စီဆာကျေးရွာမှ အမျိုးသားတစ်ဦးက KNG ကို ပြောသည်။

ကျွန်တော်ဒီမှာနေတာ လေးနှစ်ငါးနှစ်ရှိပြီ တစ်ခေါက်မှဒီလောက်ထိရေခက်ခဲတာမကြုံဖူးဘူး ဒီနှစ်ကပိုပြီးရေရှားလာတယ် မနှစ်ကထက်ပေါ့။ ဘာလို့ဆို စက်ယန္တရားကြီးတွေက တဖြည်းဖြည်းနဲ့ရပ်ကွက်ထဲ ရောက်လာတာလေ  အခုဟာက အဝီစိတွင်းတောင်ရေခမ်းကုန်ပြီ တချို့အဝီစိရေတွင်းတွေတော့ ရတယ်။ ဒါပေမယ့် သောက်လို့မရဘူး ရေချိုးဘာညာလောက်ပဲရတယ်ဟုပြောသည်။

၂၀၂၁ ခုနှစ် နှစ်လယ်ပိုင်းတွင် စစ်တပ်နှင့် အကျိူးတူ ပူးပေါင်းသည့် ကုမ္ပဏီကြီးများမှ ကျေးရွာဧရိယာအတွင်း တွင်သာတူးဖော်ခဲ့ပြီး ၂၀၂၂ ခုနှစ် နှစ်စပိုင်းစ၍လက်ရှိအချိန်ထိ လူနေရပ်ကွက်ထဲအထိ အလွန်ကျွံ တူးဖော်လာနေမှုကြောင့် ရေကြောပျက်စီးကာ ဒေသခံများတူးဖော်ထားသည့် အဝီဝိတွင်းများရေခမ်းခြင်း၊ ရေမသန့်ရှင်းတော့ခြင်းတို့ကြောင့် အချို့ဒေသခံများ ရေကိုဝယ်သုံးနေရကြောင်း လုံးခင်းကျေးရွာမှ အမျိုးသားတစ်ဦးက ထပ်ပြောသည်။

မနေ့က ကျနော့အသိတစ်ယောက်ဆီသွားတာ မျက်နှာသစ်ဖို့ရေကို ရေသန့်ဗူးဝယ်ပြီး သစ်ရတယ်။ ဝင်ငွေကောင်းတဲ့လူတွေကတော့ သောက်ရေ၊ သုံးရေတွေကို ဝယ်သုံးရတယ်တဲ့။ ရေကိုသူံးဘီးတွေ၊ ဆိုင်ကယ်တွေနဲ့ လိုက်ရောင်းတဲ့ သူရှိတယ်။ ပုံဝါတစ်ပုံဆိုရင် ၁၅၀၀ ၊၂၀၀၀ ရှိတယ်။ ပိုက်ဆံမတတ်နိုင်တဲ့လူကတော့ မသန့်ရှင်းတဲ့ရေကို ကျိုချက်ပြီးသုံးကြတာဟု ပြောသည်။

လက်ရှိမှော်စီဆာကျေးရွာတွင် ကျောက်စိမ်းတူးသည့် ကုမ္ပဏီကြီးများ ၅၀ ခန့်ရှိကြောင်းသိရသည်။

လုံးခင်း၊ မှော်စီဆာဘက်တွင် ယမန်နှစ်များကလည်း ဒေသခံများ ရေရှားပါးသည့်ပြဿနာ အနည်းငယ် ကြုံတွေ့ရတတ်သော်လည်း ရေပေးဝေရေး စနစ်ကြောင့် အလွယ်တကူဖြေရှင်းနိုင်ခဲ့ရာ ယခုနှစ်တွင် ရေကြောပျက်စီးမှုကြောင့် ရေပေးဝေရေး လုပ်ငန်းများလည်း ရပ်ဆိုင်းနေရကြောင်း ဒေသခံများထံမှ သိရသည်။

Show More

Related Articles

Back to top button