သတင်း

KIO တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်သူ ၁၄၀၀ ကျော်ရှိ

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ပညာရေးကျောင်းများ၏ ၂၀၂၂၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကြီးတွင် ကျောင်းသား ၁၄၀၀ ကျော် ဖြေဆိုအောင်မြင်ခဲ့ကြောင်း သိရသည်။

အောင်စာရင်းကို ပြီးခဲ့သည့် မေလ ၆ ရက်နေ့တွင် ကြေငြာခဲ့ပြီး နှစ်တိုင်း အောင်ချက်ရာခိုင်နှုန်းပုံမှန်ရှိကြောင်း KIO အစိုးရဗဟိုပညာရေးဌာန အတွင်းရေးမှူး ဆရာ နော်ထွယ်က KNG ကို ယခုလိုပြောသည်။

အောင်ချက်ကတော့ ပုံမှန်ဘဲ များလည်းမများဘူး နည်းလည်းမနည်းဘူး၊ ကျောင်းသားက တော့မနှစ်ကထက် ပိုများလာတာပေါ့ဟုပြောသည်။

တက္ကသိုလ်၀င်တန်း ဖြေဆိုသည့် ကျောင်းသားများမှာ ပြီးခဲ့သည့်နှစ်တွင် လူဦးရေ ၁ထောင်‌ကျော်မျှသာရှိခဲ့သော်လည်း ယခုနှစ်တွင် ကျောင်းသား ၃၀၀၀ ဝန်းကျင်ထိရှိခဲ့ကြောင်း သိရသည်။

ယခုအောင်စာရင်းမှာ KIO ထိန်းချုပ်နယ်မြေရှိ အထက်တန်း ၈ ကျောင်းအနက် ၅ ကျောင်းမှ အောင်မြင်လာသူများဖြစ်ပြီး ဂုဏ်ထူးထွက်သည့် ကျောင်းသား စုစုပေါင်း ၂၄၀ ကျော်ရှိကာ ဂုဏ်ထူးအများဆုံးမှာ ၅ ဘာသာအထိ ရှိခဲ့ကြောင်း သိရသည်။

ထိုအနက် အများစုမှာ လိုင်ဇာမြို့နှင့် မိုင်ဂျာယာန်မြို့ရှိ အထက်တန်းကျောင်းများမှ ဖြစ်ကြသည်ဟု သိရသည်။

တက္ကသိုလ်ဝင်တန်း အောင်မြင်သော ကျောင်းသားများအနေဖြင့် KIO တက္ကသိုလ်ကျောင်းများတွင် ပညာဆက်လက်သင်ကြားနိုင်ပြီ ဖြစ်ကြောင်း ယခုလို ဆက်ပြောသည်။

အောင်ပြီဖြစ်တဲ့ ကျောင်းသားတွေကတော့ ကျွန်တော်တို့နယ်မြေမှာ ဖွင့်ထားတဲ့ မိုင်ဂျာယာန် ကောလိပ်၊ ဆရာအတတ်သင် ကျောင်းတွေ၊ ဥပဒေကျောင်း၊ သူနာပြုကျောင်း စတဲ့ကျောင်းတွေမှာ ပညာဆက်လက်သင်နိုင်ပြီလို့ဟုပြောသည်။

KIO အစိုးရ ထိန်းချုပ်နယ်မြေတွင် ဆယ်တန်းကို တက္ကသိုလ်ဝင်တန်းအဖြစ် ယခုနှစ် ၂၀၂၃၂၀၂၄ ပညာသင်နှစ်သည် နောက်ဆုံးအကြိမ်ဖြစ်ပြီး လာမည့်နှစ်များတွင် ၁၂ တန်းထိ တိုးသွားမည်ဟု သိရသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာအစိုးရထိန်းချုပ်နယ်မြေ မြို့ပေါ်စာသင်ကျောင်းများ ပိတ်ထားခဲ့ရပြီးနောက် KIO ထိန်းချုပ်နယ်မြေ စာသင်ကျောင်းများတွင် တက်ရောက်သော ကျောင်းသား ဦးရေ များပြားလာခဲ့ခြင်း ဖြစ်သည်။

Show More

Related Articles

Back to top button