သတင်း

စစ်ကောင်စီတပ် မီးရှို့ခဲ့သည့် ကျေးရွာအချို့တွင် လျှပ်စစ်မီး ပြန်လည်ရရှိရန် ရှင်းလင်းရေးစတင်

စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့သည့် ရွှေကူမြို့နယ် အရှေ့ဘက်ခြမ်းရှိ ကျေးရွာအချို့တွင် လျှပ်စစ်မီး ပြန်လည်ရရှိရန်အတွက် ဒေသခံများကိုယ်တိုင် ရှင်းလင်းရေး လုပ်ဆောင်နေကြောင်း သိရသည်။

ယခုနှစ် မတ်လ ၂၀ ကျော်တွင် စစ်ကောင်စီတပ် အင်အားအလုံးအရင်းဖြင့် ရွှေကူအရှေ့ခြမ်း ကျေးရွာများသို့ ထိုးစစ်ဆင်ပြီးနောက် ကျေးရွာပေါင်း ၁၂ ရွာတိတိကို မီးရှို့ဖျက်ဆီးခဲ့သည်။ လက်ရှိတွင် နေအိမ်အများစု မီးမလောင်သော ကျေးရွာ ၇ ရွာတွင် လျှပ်စစ်မီးပြန်ပေးရန်အတွက် ဒေသခံများကိုယ်တိုင် နယ်မြေရှင်းလင်းရေးဆောင်ရွက်နေပြီဖြစ်ကြောင်း စစ်ရှောင် အမျိုးသမီးတစ်ဦးက KNG ကို ပြောသည်။

အခုမီးပေးဖို့ စီစဥ်နေတဲ့ရွာတွေက နဂိုကတည်းက လျှပ်စစ်မီးရပြီးသားရွာတွေပါ။ စကစ(စစ်ကောင်စီ)တပ်တွေက ရွာတွေကို မီးရှို့ခဲ့တော့ အားလုံးပါသွားတာ တချို့ရွာတွေက မီးကြိုး တွေပျက်၊ ဓာတ်တိုင်တွေလည်းလှဲတော့ မီးက မရတော့ဘူးလေ။ မီးဖြတ်ထားတာ။ အခုအားလုံးပြန်လုပ်ပြီးမှပဲ မီးပြန်ပေးမှာဟုစစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။

စစ်ကောင်စီက လျှပ်စစ်မီးပေးရန် စီစဥ်နေသည့် ကျေးရွာ ၇ ရွာမှာ အိမ်ခြေ ၄၅ အိမ် မီးလောင်သွားသည့် စီမူကြီးရွာ၊ အိမ်ခြေ ၇၅ အိမ်မီးလောင်ခဲ့သည့် စီမူလေးရွာ၊ အိမ်ခြေ ၄၇ အိမ် မီးလောင်ခဲ့သည့် မံနားရွာ၊ အိမ်ခြေ ၄၁ အိမ် မီးလောင်ခဲ့သည့် တုံးကောက်ရွာ ၊ အိမ်ခြေ ၃၅ အိမ်လောင်သွားသည့် မံခါးရွာ၊ အိမ်ခြေ ၃၅ အိမ်မီးလောင်ခဲ့သည့် နန့်လန် ရွာနှင့် အိမ်ခြေ ၃၂ အိမ် မီးလောင်သွားသည့် နောင်လတ်ကြီးကျေးရွာတို့ ဖြစ်ကြောင်း သိရသည်။

အခုနယ်မြေရှင်းလင်းရေးကိုတော့ စနေပြီ။ ရွာသားတွေကပဲလုပ်ကြတယ် EPC ကတော့ သုံးလေးယောက်လောက်လာပြီး အခြေနေတွေကိုကြည့်သွားတယ်။ အခုကအိမ်ခြေအများကြီးမီးမလောင်တဲ့ရွာတွေကိုပဲစပြီးပေးမှာ ကျန်တဲ့ရွာတွေကတော့ ရွာလုံးကျွတ်နီးပါးလောင်သွားတော့ အများကြီးလုပ်ယူရမှာဆိုတော့ သူတို့ကိုလောလောဆယ်မပေးသေးဘူးဟုစီမူကြီးကျေးရွာမှ အမျိုးသားတစ်ဦးကပြောသည်။

လက်ရှိတွင် ဒေသခံများက ပြတ်နေသည့်မီးကြိုးများ၊ ဓာတ်တိုင်များကို ရှင်းလင်းပြီး လှဲကျပျက်စီးသွားသည့် ဓာတ်တိုင်နေရာတွင် အစားထိုးစိုက်ထူခြင်း၊ ပျက်သွားသည့်မီးကြိုးများကို အစားထိုးပြန်တပ်ဆင်ခြင်း စသည့်လုပ်ငန်းများ စတင်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရသည်။

စီသာ၊ စီသောင်၊ စီးမှော်စသည့်ကျေးရွာများသည် ရွာလုံးကျွတ်နီးပါး မီးလောင်သွားသည့်အတွက် ပျက်စီးမှုများပြီး ပြုပြင်ထိန်းသိမ်း၊အစားထိုးရန်များသည့်အတွက် လတ်တလော ယင်းကျေးရွာများကို လျှပ်စစ်မီးပြန်လည် တပ်ဆင်ပေးဖို့မရှိသေးကြောင်း ယင်းဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ် ထိုးစစ်ဆင်ပြီးကျေးရွာပေါင် ၁၂ ရွာမီးရှို့ခဲ့မှုကြောင့် ပြည်သူ ၇၀၀၀ ကျော် တောတောင်များထဲတွင် လက်ရှိအချိန်ထိ စစ်ရှောင် နေရဆဲ ဖြစ်ပြီး လျှပ်စစ်မီးပြန်ရပြီး အခြေနေ ပြန်လည်တည်ငြိမ်ပါက ယင်းစစ်ရှောင်ပြည်သူများ နေရပ်ပြန်ဖို့ရှိကြောင်း သိရသည်။

Show More

Related Articles

Back to top button