စစ်ပြေးဒုက္ခသည်များသတင်း

မလိဆွတ်ယန် နေရပ်ပြန် စစ်ရှောင်များ နေအိမ်မရှိသေးဖြင့် ကူညီမှုများ လိုအပ်နေ

မြစ်ကြီးနား – ဆင်ဘို လမ်းမပေါ်ရှိ မလိဆွတ်ယန် နေရပ်ပြန် စစ်ရှောင်ပြည်သူများအတွက် နေအိမ်မရှိသေးသောကြောင့် မိုးကာတဲတွင် ခိုလှုံနေရဆဲ ဖြစ်ပြီး ကူညီထောက်ပံ့မှုများ လိုအပ်နေသေးကြောင်း ဒေသခံများထံမှ သိရသည်။

မလိဇွပ်ယန် ဒေသခံ အိမ်ထောင်စု ၃၈ စုသည် ပြီးခဲ့သည့် ဧပြီလ ၂၄ ရက်နေ့မှစပြီး ကိုယ်ထူကိုယ်ထ စနစ်ဖြင့် မိမိတို့နေရပ်ပြန်လည်နေထိုင်ကြပြီ‌ ဖြစ်သော်လည်း အများစုမှာ နေအိမ် မရှိသေးသောကြောင့် မိုးကာတဲထိုးပြီး ခိုလှုံနေရသည်ဟု အမည်မဖော်လိုသူ နေရပ်ပြန် စစ်ရှောင်တစ်ဦးက ပြောသည်။

အိမ်မရှိသေးတော့ အခင်းမှာ ခြံမှာမိုးကာတွေနဲ့ဘဲ တဲထိုးပြီး ဖြစ်သလိုနေနေရတယ်။ အိမ်ထောင်စု ၂စုကတော့ ဘုရားကျောင်းဝင်းရုံးမှာ နေတယ်။ ခုချိန်ထိတော့ နေရပ်ပြန်လာတဲ့အိမ်‌ထောင်စု ၃၆ စာထဲမှာ ၂စုဘဲ အိမ်လုပ်ရသေးတယ်ဟု ပြောသည်။

‌နေရပ်ပြန် နေထိုင်သည်မှာ ၂ ပတ်ခန့်ရှိလာပြီဖြစ်‌သော်လည်း ဆောက်လုပ်ပြီးစီးသည့် နေအိမ် ၂ အိမ်သာရှိသေးသည့်အတွက် ကျန်နေအိမ်များ ဆောက်လုပ်ရန်အတွက် အကူအညီများ ဆက်လက်လိုအပ်နေသေးကြောင်း နောက်ထပ် ဒေသခံ က KNG ကိုပြောသည်။

ကျွန်တော်ဆီမှာရှိတဲ့ ဝါးတွေနဲ့က မလောက်တော့ဘူးလေ ကူညီချင်တဲ့သူတွေရှိရင် ကျွန်တော်တို့အတွက် သစ်တွေဝယ်ပြီး တစ်‌အိမ်ထောင်ကို ဘယ်လောက်၊ တန်ဖိုးနည်းအိမ်ယာလိုမျိုးပေါ့ အဲ့လို လုပ်ပေးနိုင်ရင်ကတော့ အဆင်ပြေနိုင်တာပေါ့ဟု ပြောသည်။

မလိဆွတ်ယန်ဒေသခံများသည် နေအိမ်အဆင်မပြေသေးသည့်အပြင် ရေ၊ မီး တို့အတွက်ပါ အခက်အခဲ ရှိနေသည်ဟု သိရသည်။ ထို့အပြင် ဆယ်နှစ်ကျော်ကြာ စွန့်ပစ်ခဲ့ရသည့် လယ်ယာမြေတွင် ပြန်လည်လုပ်ကိုင် စားသောက်ရန်အတွက် ကူညီထောက်ပံ့မှုများ လိုအပ်နေကြောင်း ပြောဆိုသည်။

မလိဆွတ်ယန် ဒေသခံများသည် ဆယ်စုနှစ်တစ်ခုကြာ မြစ်ကြီးနားမြို့ပေါ်ရှိ စစ်ရှောင်စခန်းများတွင် ခိုလှုံခဲ့ကြရာမှ ပြီးခဲ့သည့် ဧပြီလ ၂၄ရက်တွင် ကိုယ်ထူကိုယ်ထစနစ်ဖြင့် အိမ်ထောင်စု ၃၈ စုနှင့် လူဦးရေ ၂၀၀ ကျော် နေရပ်ပြန်သွားခြင်း ဖြစ်သည်။

အာဏာသိမ်းပြီး‌နောက်ပိုင်း ကုန်‌ဈေးနူန်းတက်လာသည့်နှင့်အမျှ စစ်ဘေးရှောင်များအတွက် ကူညီထောက်ပံ့မှုများလည်း မရရှိလာသောကြောင့် စားဝတ်နေရေးနှင့် ရေရှည်ရပ်တည်နိုင်ရေး ခက်ခဲမှု များစွာကြုံတွေ့လာကြရသည်။

ထို့ကြောင့် မလိဇွပ်ယန်‌ကျေးရွာမှ စစ်ဘေးရှောင်ပြည်သူများသည် လုံခြုံမှုမရှိသေးသော်လည်း မိမိနေရပ်တွင် ပြန်လည်လုပ်ကိုင်စားသောက်နိုင်ရန် ကိုယ်ထူကိုယ်ထ စနစ်ဖြင့် နေရပ်ပြန်ခဲ့သူများဖြစ်ကြောင်း သိရသည်။

Show More

Related Articles

Back to top button