သတင်း

ဆဒုံးမြို့အဝင် အခွန်ဂိတ်ကို စစ်ကောင်စီပူးပေါင်းတပ်ပစ်ခတ်သဖြင့် အရပ်သား ၃ ဦးပွဲချင်းပြီးသေဆုံး

ဝိုင်းမော်မြို့နယ် ဆဒုံးမြို့အဝင် ရေတံခွန်အနီးရှိ အခွန်ဂိတ်တစ်ခုကို စစ်ကောင်စီတပ် နှင့် ဦးရွှေမင်း ပြည်သူ့စစ်ပူးပေါင်းတပ်မှ ပစ်ခတ်ခဲ့သောကြောင့် အရပ်သား ၃ ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ဒေသခံများ ပြောသည်။

မေလ ၈ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်နှင့် ရွှေမင်းပြည်သူ့စစ်အဖွဲ့မှ အင်အား ၇ ဦးခန့်သည် အိမ်စီးကားအဖြူရောင်တစ်စီးနှင့်ရောက်လာပြီး အခွန်ဂိတ်တစ်ခုလုံးကို ပစ်ခတ်ခဲ့ရာ ထိုနေရာတွင်ဂိတ်ထိုင်နေသည့် အရပ်သား ၂ ဦးနှင့် ရေတံခွန်အနီးတွင် စျေးရောင်းနေသောပြည်သူတစ်ဦး စုစုပေါင်း ၃ ဦးသေဆုံးကြောင်း ဆဒုံးဒေသခံတစ်ဦးက ခုလိုပြောသည်။

“အဲဂိတ်က KIA ဘက်က ခွင့်ပြုထားတဲ့ဂိတ်လို့ သိရတယ်။ ကုန်ကားတွေ အခွန်ကောက်တဲ့ဂိတ်ဟုတ်တယ်။ အဲဒါကို စစ်တပ်နဲ့ရွှေမင်းအဖွဲ့က လာပစ်လို့ ဂိတ်မှာရှိနေတဲ့ ၂ ယောက်နဲ့အဲနားမှာစျေးရောင်းတဲ့တစ်ယောက် ပွဲချင်းပြီးဆုံးတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။

ပစ်သတ်ခံလိုက်ရသည့် အရပ်သား ၃ ဦးသည် ဦးမရန်ဂျာလီထွမ်ဂျာ အသက် ၃၀နှစ်၊ ဦးအားတီ အသက် ၃၃ နှစ်အပြင် အသက် ၂၇ နှစ်အရွယ် အမည်မသိ အမျိုးသားတစ်ဦးတို့ဖြစ်ပြီး နောက်ထပ်အရပ်သားတစ်ဦးဖြစ်သည့် ဦးလရော်သည် ညာခြေတလုံးတွင် သေနတ်ဒဏ်ရာပြင်းထန်စွာ ရရှိထားကြောင်း သိရသည်။

စစ်ကောင်စီ ပူးပေါင်းတပ်သည် အဆိုပါအခွန်ဂိတ်တွင်ထိုင်နေသူများကို လာရောက်ပစ်သတ်သွားသည့်အပြင် ဂိတ်၌ရှိသမျှ ပစ္စည်းငွေသားအားလုံးလည်း သိမ်းယူသွားကြောင်း ဖြစ်စဉ်ကိုသိသည့် နောက်ထပ်ဒေသခံတစ်ဦးကပြောသည်။

ထို့နောက် မေလ ၉ ရက်နေ့ ယနေ့ နံနက် ၁၀ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်၊ ရွှေမင်းပြည်သူ့စစ်ပူးပေါင်းတပ် အင်အား ၃၅ ဝန်းကျင်ရှိသည့်တပ်ဖွဲ့သည် ယမန်နေ့ ပစ်သတ်ခဲ့သည့်သူများ နေထိုင်သည့်နေအိမ်သို့ ထပ်မံရောက်ရှိလာပြီး နေအိမ်ကိုမီးရှို့နေစဉ် KIA ဘက်မှ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း KIA နှင့် နီးစပ်သူတစ်ဦးက ယခုလိုပြောသည်။

“မနေ့က စစ်တပ်ဘက်ကအရင် ရေတံခွန်အနားမှာရှိတဲ့ ဂိတ်တစ်ခုကို အရင်ဝင်ပစ်သွားတာ အဲမှာဂိတ်ထိုင်နေတဲ့ အရပ်သား ၂ ယောက်နဲ့ အဲနားမှာစျေးရောင်းနေတဲ့တစ်ယောက် စုစုပေါင်း ၃ ယောက်သေတယ်။ ဒီနေ့လည်းထပ်ပြီးရောက်လာတယ် အဲဂိတ်မှာနေတဲ့သူတွေ အိမ်တွေကိုမီးလာရှို့တာ အဲချိန်ဒီဘက်ကလာပြီး ပစ်ကြတာဟုတ်တယ်” ဟု နောက်ထပ်‌‌ဒေသခံတစ်ဦးက ပြောသည်။

ဒေသခံများ၏ ပြောပြချက်အရ ၂၀၂၁ ခုနှစ်အာဏာသိမ်းမှုမဖြစ်ခင် ယင်းအခွန်ကောက်သည့်ဂိတ်သည် စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်တို့ ဂိတ်ထိုင်သည့်နေရာဖြစ်ကြောင်း သိရပြီး အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် KIA ၏ ခွင့်ပြုချက်ဖြင့် လုပ်ငန်းရှင်တစ်ချို့ကောက်ခံနေသည့် ဂိတ်တစ်ခုဖြစ်ကြောင်း သိရသည်။

Show More

Related Articles

Back to top button