သတင်း

လမြန်ကျေးရွာတွင် ရေတွင်းတူးရာမှ သားအဖနှစ်ဦး သေဆုံးမှုဖြစ်ပွား

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ နောင်နန်း လမြန်ကျေးရွာတွင် ရေတွင်းတူးရင်း ပြုတ်ကျပြီး သားအဖနှစ်ဦး အသက်သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း  Myanmar Rescue (Kachin) လူမူကယ်ဆယ်ရေးအဖွဲ့ထံမှသိရသည်။

ယနေ့ နေ့နေ့လည် ၁၂နာရီဝန်းကျင် သားဖြစ်သူ ရေတွင်းတူး‌နေစဉ် ရေစုပ်စက်ပြုတ်ကျပြီး ဒဏ်ရာရထားသည့် သားကို ဖခင်ဖြစ်သူမှ ဝင်ရောက်ကယ်ခဲ့ရာ အောက်ဆီဂျင်ပြတ်၍ သေဆုံးမှုဖြစ်ခဲ့ကြောင်း Myanmar Rescue (Kachin) လူမူကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

သားကို အဖေကဆင်းကယ်တာ အဲ့မှာ အဖေပါ အောက်ဆီပြတ်ပြီးသေတာဗျ။ သူတို့က ကျနော်တို့ကို အကြောင်းကြားတာက ၁၂ခွဲ လောက်မှာခေါ်တာ ရေတွင်းထဲကျနေတာက ၄၅ မိနစ်လောက်ရှိ သွားပြီ။ ဒါ့ကြောင့် အောက်ဆီဂျင်ပြတ်ပြီး ဆုံးသွားတာပါဟု Myanmar Rescue (Kachin)မှတာဝန်ရှိသူတစ်ဦးကဆိုသည်။

ရေတွင်းတူးနေရာမှ ပြုတ်ကျသေဆုံးခဲ့သွားသည့် သားဖြစ်သူသည် အသက်၂၀ကျော်အရွယ်ရှိပြီး ဖခင်ဖြစ်သူမှာ အသက် ၄၀ ကျော်အရွယ်ခန့်ရှိပြီဖြစ်ကြောင်း သူကဆက်ပြောသည်။

လမြန်ကျေးရွာမှ ဒေသခံတစ်ဦး၏ ပြောပြချက်အရ နွေကာလဖြစ်သောကြောင့် ကျေးရွာရှိ နေအိမ်အချို့တွင် ရေတွင်းများခမ်းခြောက်လာသည့်အတွက် မြေနုံး ရွံ့စေးများဖယ်ရှားကာ ရေတွင်းသန့်ရှင်းရေးလုပ်ပေးကြရကြောင်း သိရသည်။

သေဆုံးသည့် သားအဖ နှစ်ဦးသည် ရေတွင်းမှ မြေနုံးများသယ်ထုတ်ကာ ရေတွင်းသန့်ရှင်းရေးလုပ်ရာမှ ယခုကဲ့သို့ အဖြစ်ဆိုးနှင့်ကြုံတွေ့ရခြင်းဖြစ်ကြောင်း သိရသည်။

ခုနွေကာလဆို‌တော့ ရေတွင်းက ရေခမ်းလာတယ်။အဲတော့ ရေတွင်းထဲက နုံးတွေသယ်ထုတ်နေတာလို့ ပြောကြတယ်။ သူ့သားပေါ် ရေစုပ်စက်ပြုတ်ကျတော့ ဒဏ်ရာနည်းနည်းရသွားတာ အဲမှာအဖေကဆင်းကယ်ရင်း ခုလိုဖြစ်သွားတာဟုတ်တယ်ဟုပြောသည်။

အဆိုပါရေတွင်းသည် ပေ၄၀ကနေ ပေ ၆၀အကြား အနက်ရှိသည့်ရေတွင်းဟောင်းတစ်ခုဖြစ်သည်ဟုသိရသည်။

ရေတွင်းထဲ ပြုတ်ကျသေဆုံးခဲ့သည့် ရုပ်ကလပ်ကိုတော့ ကျန်ရစ်သူမိသားစုများ၏ဆန္ဒအရ နေအိမ်မှာပဲ ထားခဲ့သည်ဟု Myanmar Rescue (Kachin) လူမူကယ်ဆယ်ရေးအဖွဲ့မှဆိုသည်။

Show More

Related Articles

Back to top button