သတင်း

ရေခဲတောင်တက်သည့် ခရီးသည်များ အမှိုက်များအား စနစ်တကျ စွန့်ပစ်ကြရန် ဒေသခံလူငယ်များတောင်းဆို

ပူတာအို ရေခဲတောင်သို့ လာရောက်လည်ပတ်သူများ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများပြားလာသည့်အတွက် သဘာဝတ်ဝန်းကျင် ထိန်းသိမ်းရန် လိုအပ်နေပြီဖြစ်ကြောင်း ရေခဲတောင်ခြေ ဒေသခံများပြောသည်။

ရေခဲတောင်သို့ လာရောက်လည်ပတ် တောင်တက်သူများသည် တက်ပြီးသည့်အချိန်တိုင်း အမှိုက်များကို စနစ်တကျ သိမ်းဆည်းသွားခြင်းမရှိဘဲ ရေခဲတောင်ပေါ်တွင် အမှိုက်များ စည်းကမ်းမဲ့စွာ စွန့်ပစ်နေကြကြောင်း ဒေသခံတစ်ဦးက KNG ကို ပြောသည်။

အလည်သွားတဲ့သူတွေ တစ်ဖွဲ့ပြီးတစ်ဖွဲ့ အမှိုက်တွေကို မကောက်သွားဘူး၊ ဓာတ်ပုံတွေဘဲရိုက်ပြီး အမှိုက်တွေကို အဲ့အတိုင်းဘဲထားသွားတာ၊ ဟိုတလောကဆိုရင် စတီးကြေးပြားမှာ သူတို့ အဖွဲ့နာမည်ကို ကပ်ပြီး ရေခဲတောင်ပေါ်က သက်တမ်းရင့်ပြီဖြစ်တဲ့ ထင်းရှူးပင်မှာ ရိုက်ပြီး သွားကပ်တာတွေ၊ ရေခဲတောင်မှာက အပင်တစ်ပင်ကြီးဖို့ဆိုတာ အရမ်းကြာတယ်လေဟုပြောသည်။

ရေခဲတောင် အတက်အဆင်းလုပ်နေသည့် ဒေသခံလူငယ်များအနေဖြင့် အမှိုက်သိမ်းဆည်းခြင်းများ မကြာခဏ ပြုလုပ်လေ့ရှိသော်လည်း နောက်ပိုင်းတွင် ရေခဲတောင်သို့ တောင်တက်လာသူများ ပိုမိုများပြားလာသည့်အတွက် အမှိုက်ပိုမိုများလာသောကြောင့် အမှိုက်သိမ်းဆည်းရေး ထိထိရောက်ရောက်လုပ်ဆောင်ရန် ခက်ခဲလာကြောင်း သိရသည်။

ထို့ကြောင့် ရေခဲတောင်သို့ လာရောက်လည်ပတ်သော တောင်တက်သူများအနေဖြင့် အမှိုက်များစနစ်တကျ သိမ်းဆည်းခြင်းဖြင့် ပါဝင်ကူညီပေးရန် ဒေသခံလူငယ်များက တောင်းဆိုနေကြသည်။

ပြီးခဲ့သည့်အပတ်တွင်လည်း စစ်ကောင်စီတပ်လက်အောက်ခံ ကချင်ပြည်နယ် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပတ်သက်သည့်အမြင်ဖွင့် ပညာပေးဟောပြောပွဲကိုလည်း လာရောက်ပြုလုပ်သွားကြောင်း သိရသည်။

အဆိုပါ ပညာပေးဟောပြောပွဲတွင် ရေခဲတောင်ပေါ်တွင် အမှိုက်များ မထူထပ်စေရန် နှင့် သဘာဝသစ်တောများ မပျက်စီးစေရန်မှာ ခရီးသည်များအား လမ်းပြခေါ်ဆောင်သည့်သူများ၌လည်း တာဝန်ရှိကြောင်း၊ သဘာဝပတ်ဝန်းကျင်အား မည်ကဲ့သို့ထိန်းသိမ်းရမည်အကြောင်းကို ပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။

ဒေသခံများ၏ပြောချက်အရ ရေခဲတောင်ပေါ်တွင်သာမက တောင်တက်လမ်းတစ်လျှောက်နှင့် ခရီးသွားနားနေဆောင်များအထိ ပလက်စတစ်များ စည်းမဲ့ကမ်းမဲ့ စွန့်ပစ်ထားကြောင်း သိရသည်။

ရေခဲတောင်တက်ခရီးစဉ်တွင် လမ်းပြအဖြစ်လုပ်ကိုင်နေသော ဒေသခံလူငယ်များအနေဖြင့် အမှိုက်များစနစ်တကျစွန့်ပစ်ရန် ပြောဆိုသည်ဖြစ်စေ ပြောဆိုခြင်းမရှိသည်ဖြစ်ပါစေ ခရီးသည်မည်သူမဆို အမှိုက်များမစွန့်ပစ်ကြရန်နောက်ထပ် ဒေသခံလူငယ်တစ်ဦးက KNG က ယခုလိုပြောသည်။

တစ်ချို့ ကတော့ပြောတာပေါ့နော် အမှိုက်မချထားဖို့ မပစ်ဖို့၊ ပြောတဲ့သူရှိသလိုမပြောတဲ့ သူတွေလည်းရှိတယ်၊ အဲ့တာကြောင့် ခရီးသွားတွေ အားလုံးစနစ်တကျဖြစ်ဖို့၊ အပင်တွေဘာတွေ အရမ်းကြီးမခုတ်ဖို့ ပြောချင်ပါတယ်ဟုပြောသည်။

ယင်းစွန့်ပစ်အမှိုက်များလာခြင်းသည် နောက်လာမည့်ခရီးသည်များအတွက် စိတ်မနှစ်မြို့စရာဖြစ်လာရုံသာမက ခရီးသည်များအနေဖြင့် အမှိုက်များစနစ်တကျ သိမ်းဆည်းစွန့်ပစ်ခြင်းမရှိပါက နောက်ပိုင်းတွင် ပိုမိုဆိုးရွားသည့်အခြေအနေသို့ ရောက်ရှိလာနိုင်ကြောင်း ဒေသခံလူငယ်များက ပြောသည်။

ယခင်နှစ်၂၀၁၅ ခုနှစ်မှစတင်ကာ ပူတာအိုမြို့သို့ လာရောက်လည်ပတ်သောခရီးသည်အများစုမှာ နိုင်ငံခြားသားများဖြစ်ပြီး ၂၀၁၉ ခုနှစ်နောက်ပိုင်းတွင်မှု နိုင်ငံခြားသားများထက် ပြည်တွင်းခရီးသည်များ ပိုမိုများပြားလာကြောင်း သိရသည်။

ယခု ၂၀၂၃ ခုနှစ်အတွင်း အမြင့်ပေ ၁၁၉၂၀ ရှိသည့် ဖုန်ကန်ရာဇီ ရေခဲတောင်သို့ တောင်တက်သည့် ခရီးသွား ၄၀၀ ကျော်ရှိခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

ရေခဲတောင်တက်သည့်ခရီးစဉ်သည် တစ်ကြိမ်လျှင် ကြာချိန် ၇ ရက်နှင့် ၁၀ ရက်ကြားတွင်ရှိပြီး ပူတာအိုဒေသခံအချို့လည်း စားဝတ်နေရေးအတွက် ရေခဲတောင်တက်ဦးဆောင်သည့် အလုပ်ကို အသက်မွေးဝမ်းကြောင်းအဖြစ် လုပ်ကိုင်နေခြင်း ဖြစ်သည်။

Show More

Related Articles

Back to top button