သတင်း

ကချင် ဘိုးဘွားရိပ်သာအတွက် ကူညီထောက်ပံ့မှုများ လိုအပ်နေ

မြစ်ကြီးနားမြို့ နောင်းနန် ဂျော်မဆပ် (Jaw Masat) တွင် ဖွင့်လှစ်ထားသည့် ကချင်ဘိုးဘွားရိပ်သာအတွက် ကူညီထောက်ပံ့မှုများ လိုအပ်နေကြောင်း ဘိုးဘွားရိပ်သာတာဝန်ရှိသူများမှ သိရသည်။

အဆိုပါ ဘိုးဘွားရိပ်သာအား မည်သည့်အဖွဲ့အစည်း၏ ကူညီထောက်ပံ့မှုမှမပါဘဲ သက်ကြီးရွယ်အိုများကို ကြည့်ရှုစောင့်ရှောက်နိုင်ရန် ရည်ရွယ်ချက်ဖြင့် မေလလဆန်းမှစတင်ကာ တစ်နိုင်တပိုင် ဖွင့်လှစ်ထားပြီဖြစ်ကြောင်း ဘိုးဘွားရိပ်သာတာဝန်ရှိသူ ဆရာ ခွန်ဂမ်က KNG ကိုပြောသည်။

အခုချိန် ဒီလိုမျိုးအသက်ကြီးတဲ့ အဘိုးအဘွားတွေကို မျက်ကွယ်မပြုလိုက်ဘဲ ကျွန်တော်တို့ ပြုစုနိုင်တယ်ဆိုတဲ့ စိတ်နဲ့ ဖွင့်လစ်လိုက်တာ ဖြစ်တယ် ဟု ပြောသည်။

ပြုစုစောင့်ရှောက်မည့်သူ မရှိဘဲ အကူအညီလိုအပ်နေသည့် သက်ကြီးရွယ်အိုများအတွက်သာမက စိတ်ကျန်းမာရေး ထိခိုက်နေသူများနှင့် မသန်စွမ်းသူများအတွက် နောက်ပိုင်းတွင် ဖွင့်လှစ်သွားရန်လည်း ရှိကြောင်း သိရသည်။

ယင်းဘိုးဘွားရိပ်သာကို ဂျော်ဘွမ်တောင်ခြေတွင် အိမ်ငှားပြင်ဆင်ထားပြီး လက်ရှိတွင် ဆွမ်ပရာဘွမ် နှင့် ဝိုင်းမော်မှ သက်ကြီးရွယ်အို ၅ ဦးကို ကြည့်ရှုနေပြီဖြစ်ရာ ရိပ်သာတွင် အသက် ၇၀ မှ စတင်လက်ခံပြီး အများဆုံး အယောက် ၂၀ ထိ လက်ခံမည်ဖြစ်ကြောင်း သိရသည်။

ဘိုးဘွားရိပ်သာကို စတင်ဖွင့်လှစ်နေပြီဖြစ်သော်လည်း အစားအသောက်၊ အသုံးအဆောင်ပစ္စည်း၊ ဆေးဝါး တို့ကို ကူညီထောက်ပံ့ပေးရန် လိုအပ်နေကြောင်း ဘိုးဘွားရိပ်သာ တာဝန်ရှိသူ ဆရာ ခွန်ဂမ် က KNG ကိုပြောသည်။

ငွေကြေးပိုင်းဆိုရင်လည်း အများကြီးလိုအပ်နေတယ်၊ အားနည်းချက်တွေလည်းရှိနေသေးတယ်၊ အခုချိန် အစားအသောက်ကတော့ နီးစပ်တဲ့ ဆွေးမျိုးတွေဘက်ကနေ ဆန်တွေ၊ ဆီတွေ ကူညီတာတော့ရှိတယ်၊ အသက်ကြီးပြီဆိုတော့ ကိုက်ခဲတာတွေရှိတယ် ဆိုတော့ နှိမ့်ပေးမဲ့သူတွေ ဆေးဝါးတွေလည်း လိုအပ်နေတယ်ဟုပြောသည်။ 

အထက်ပါ ဘိုးဘွားရိပ်သာမှ သက်ကြီးရွယ်အိုများကို ကိုယ်ခန္တာကျန်းမားရေးအတွက် ပြုစုစောင့် ရှောက်ပေးနိုင်ရုံသာမက စိတ်ကျန်းမာရေးအတွက် ဖျော်ဖြေမှုများဖြင့် စိတ်အပန်းဖြေနိုင်ရန် ပြုလုပ်သွားမည်ဖြစ်ကြောင်းလည်းသိရသည်။

ကချင်ပြည်နယ်၊ ခရစ်ယာန် အသိုင်းအဝိုင်းတွင် ပထမဦးဆုံး ဖွင့်လှစ်ထားသည့် ဘိုးဘွားရိပ်သာ ဖြစ်သည့်အတွက် ဝိုင်းဝန်းကူညီကြရန် လိုအပ်နေသည် ဖြစ်သည်။

Show More

Related Articles

Back to top button