တိုက်ပွဲသတင်း

ဖားကန့်တွင် KIA နှင့် စစ်တပ်တို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွား

ဖားကန့်မြို့နယ်တွင် စစ်ကောင်စီ စစ်ကြောင်း အင်အားအလုံးအရင်းဖြင့် ဝင်ရောက်လာသောကြောင့် KIA နှင့် စစ်တပ်တို့ ယမန်နေ့မှစတင်ကာ ယနေ့နံနက်ထိ နှစ်ဖက်တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံများထံမှ သိရသည်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၄၄ ရှိရာ နန့်တိန်းကျေးရွာဘက် စစ်ကောင်စီတပ်အင်အား ၁၀၀ ကျော်သည် မေလ ၁၄ ရက်နေ့ နံနက်ပိုင်းမှစတင်ပြီး စစ်ကြောင်းထိုးဝင်ရောက်လာသည့်အတွက် နှစ်ဖက်ထိတွေ့တိုက်ပွဲပြင်းထန်ခဲ့ခြင်းဖြစ်ကြောင်း KIA နှင့် နီးစပ်သည့်ဖားကန့်ဒေသခံတစ်ဦးက KNG ကိုပြောသည်။

တိုက်ပွဲက ရင်း ၄၄ နယ်မြေ နန့်တိန်းအနီးဝန်းကျင်တောထဲမှာဖြစ်တာ။ မနေ့ကနေ ဒီမနက်ထိဖြစ်တာဗျ တိုက်ပွဲ ပြင်းထန်တယ်လို့ ပြောလို့ရတယ်ဟုပြောသည်။

တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိမရှိကို အတည်ပြုနေဆဲဖြစ်သည်။ ထို့ပြင် ဖားကန့်၊ လုံးခင်းဘက်မှလည်း လက်နက်ကြီးများဖြင့် ပစ်ကူခဲ့ကြောင်း လုံးခင်းကျေးရွာမှ အမျိုးသားတစ်ဦးက ပြောသည်။

တိုက်ပွဲကတော့ အတော်လည်းပြင်ထန်တယ်လို့သိရတယ်။ သူတို့ဘက်က အထိနာလို့လားတော့မသိဘူး။ ဒီဘက်လယ်ပြင်၊ ရမ်းချက်ကနေ လက်နက်ကြီးတွေမနည်းဘူးပစ်ကူတယ်ဟုပြောသည်။

ထို့အပြင် လက်ရှိချိန်ထိ နှစ်ဖက်စောင့်ကြည့်အနေထားတွင်ရှိနေပြီး စစ်ရေးတင်းမာနေဆဲဖြစ်ကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်သည် ဖားကန့်မြို့နယ်ကို ထိန်းချုပ်ရန်ကြိုးစားနေပြီး ၂၀၂၃ ခုနှစ်မှစကာ အရပ်သားပြည်သူများနှင့် တော်လှန်တပ်ဖွဲ့ဝင်များနှင့် ပတ်သက်ဆက်နွယ်သည်ဟု ယူဆရသူများအား လိုက်လံဖမ်းဆီး သတ်ဖြတ်မှုများ လုပ်ဆောင်နေသည့်အပြင် တစ်ဖက်တွင်လည်း KIA တပ်ရင်း တည်ရှိရာနယ်မြေသို့ စစ်ကြောင်းထိုးစစ်ရေးလှုပ်ရှားမှုများလည်း လုပ်ဆောင်လာပြီရာ ယမန်နေ့စစ်ကြောင်း ဝင်ရောက်မှုသည် ယခုနှစ်အတွင်း ပထမအကြိမ်ဟုဆိုနိုင်သည်။

Show More

Related Articles

Back to top button