တိုက်ပွဲသတင်း

အင်းတော်တွင် ABSDF နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်ခဲ့

ကသာခရိုင် အင်းတော်မြို့နယ် မှော်တိတ်ဒေသတွင် ကျောင်းသားတပ်မတော် ABSDF နှင့် စစ်ကာင်စီတပ်တို့ကြား ယနေ့ နံနက် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

စစ်ကောင်စီ တပ်မ ၈၈ နှင့် တပ်မ ၇၇ ပူးပေါင်းတပ် အင်အား ၁၀၀ ကျော်ပါဝင်သော စစ်ကြောင်းသည် ယနေ့ နံနက် ၆ နာရီဝန်းကျင်တွင် အင်းတော်မှ ဗန်းမောက်ဘက်သို့ ဝင်ရောက်လာစဥ် အင်းတော်မြို့နယ် မော်တိတ်ကျေးရွာနှင့် နန့်သာကျေးရွာကြားတွင် ABSDF တပ်တို့က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း သိရသည်။

သူတို့က ဗန်းမော်ဘက်ကိုသွားတာ အဲ့တာကို ဒီဘက် (ABSDF) က မှော်တိတ်နဲ့ နန့်သာကြားမှာ ရတနာကုန်းကျေးရွာ ဆိုတာ ရှိတယ်။ အဲ့ရတနာကုန်းနားလေးမှာ တိုက်ခိုက်တာ။ တိုက်ပွဲက မနက် ၆ နာရီကျော်ကနေ စဖြစ်တာ ၇ နာရီ ကျော်လောက်အထိကို ဖြစ်ကြတယ်ဟု မော်တိတ်ဒေသ အောင်းကုန်းကျေးရွာမှ အမျိုးသားတစ်ဦးက KNG သတင်းဌာနကို ပြောသည်။

တစ်နာရီကျော်ကြာသည့် ယင်းတိုက်ပွဲတွင် စစ်ကောင်စီဘက်က လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှုများလည်းရှိပြီး တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်မှုရှိ မရှိအတည်ပြုနေဆဲ ဖြစ်သည်။

စစ်ကြောင်းက အဲ့ဘက်ကိုအင်အားဖြည့်တာ ၁၀၀ ကျော်တော့ပါတယ်။ ဒီမနက်က တိုက်ခိုက်ခံရတယ်။ ထိခိုက်သေဆုံးမှုမရှိမရှိ မြေပြင်သတင်းမရသေးဘူးဟု အင်းတော် PDF မှ တာဝန်ရှိ သူတစ်ဦးကပြောသည်။

တိုက်ခိုက်ခံရသည့်ယင်းစစ်ကြောင်းသည် တိုက်ပွဲအပြီး မော်တိတ်ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲနေပြီး ဗန်းမောက်ဘက် စစ်ကြောင်းထိုးရန် ပြင်ဆင်နေကြောင်း သိရသည်။

ကချင် စစ်ကိုင်းအစပ် အင်းတော်၊ ဗန်းမောက်မြို့နယ်များတွင် စစ်ကောင်စီတပ်သည် လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်မှု ဆက်တိုက်လုပ်နေပြီး မြေပြင်တွင်လည်း နှစ်ဖက်ထိတွေ့တိုက်ပွဲပြင်းထန်နေဆဲ ဖြစ်သည်။

ထို့ကြောင့် စစ်ကောင်စီတပ်သည် ဗန်းမောက်မြို့နယ်ဘက်သို့ လေကြောင်းအပြင် မြေပြင်စစ်ကြောင်းများဖြင့်လည်း စစ်အင်အားဖြည့်တင်းရန် လုပ်ဆောင်နေခြင်းဖြစ်သည်။

မော်တိတ်ဒေသဘက်ရှိ နန့်သာ၊ အောင်းကုန်း၊ တုံးတော် စသည့်ကျေးရွာဘက်တွင် စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် မတ်လ ဆန်းပိုင်းမှစပြီး ဝင်ရောက်တပ်စွဲနေမှုကြောင့် ကျေးရွာအများအပြား တောတောင်များတွင် စစ်ဘေးရှောင်နေရဆဲဖြစ်သည်။

အင်းတော်ဒေသတွင် ၂၀၂၂ နှစ်ကုန်ပိုင်းကတည်းကစပြီး KIA PDF တို့မှ တိုက်ပွဲဖော်ဆောင်ခြင်းမရှိတော့သောကြောင့် စစ်ကောင်စီတပ်သည် အင်းတော်မြို့နယ်အတွင်း လွတ်လပ်စွာစစ်ရေးလှုပ်ရှားလျက်ရှိပြီး ကျေးရွာများတွင်လည်း ဝင်ရောက်တပ်စွဲလျက်ရှိနေသည်။

သို့သော် ယနေ့နံနက်ပိုင်းတွင် ဗန်းမောက်နယ်ဘက်သို့ စစ်ကြောင်းတစ်ဖန်ပြန်လည်ဝင်ရောက်လာသောကြောင့် တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

Show More

Related Articles

Back to top button