သတင်း

သိန်းလေးရာ ကျော်တန်ဖိုးရှိ စစ်ကောင်စီထုတ်အရက်ဘီယာများ ဖမ်းဆီးဖျက်ဆီး

ခင်ဦးမြို့နယ်ထဲသို့ သယ်ဆောင်လာသော စစ်ကောင်စီထုတ် အရက်ဘီယာ ကား ၃ စီးကို မြို့နယ် ပကဖ (ပြည်သူ့ကာကွယ်ရေးအဖွဲ့ ) နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းကာသိမ်းဆည်းဖျက်ဆီးခဲ့သည်ဟု သိရသည်။

 မေလ ၂၀ ရက်နေ့က ခင်ဦးမြို့နယ်သို့ ဝင်ရောက်လာသည့် ကုန်တင်ကားများအား အခွန်ကောက်ခြင်း၊ ပစ္စည်းများကို စစ်ဆေးခြင်းများပြုလုပ်ခဲ့စဉ် စစ်ကောင်စီထုတ် အရက်ဘီယာများကို တွေ့ရှိခဲ့သဖြင့် သိမ်းဆည်းဖျက်ဆီးရခြင်းဖြစ်သည်ဟု ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ကျနော်တို့က မြို့နယ်ထဲမှာ အခွန်ကောက်တာရှိတယ်။ အဲ့ဒီမှာ ကုန်တင်ကားတွေကို ဘာပစ္စည်းတွေပါလဲ စစ်ဆေးရတာမျိုးရှိပါတယ်။ အဲ့ဒီမှာ စစ်ကောင်စီထုတ်ပစ္စည်းတွေပါလို့ ဖျက်ဆီးရတာပါ။ ဖျက်ဆီးခဲ့တဲ့အရက်ဘီယာတွေကတော့ ကျနော်တို့ထုတ်ပြန်ထားချက်အရသိန်းလေးရာကျော်တန်ဖိုးရှိပါတယ်ဟုဆိုသည်။

ထုတ်ပြန်ချက်အရ စစ်ကောင်စီထုတ် ဘီယာ ဒဂုံအမှတ်တံဆိပ် ဖာ ၅၄၀ (ဗူးပေါင်းတစ်သောင်း တစ်ထောင်ကျော်ကာလတန်ဖိုး သိန်း ၄၂,၄၈၀,၀၀၀ တန်ဖိုးရှိသည့် အရက်ဘီယာများကို သိမ်းဆည်းဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

တော်လှန်ရေးအင်အားစုများအနေဖြင့် အာဏာရှင်စနစ်ကို တော်လှန်နေချိန် ၎င်းတို့နှင့်ပတ်သက်သည့် ထုတ်ကုန်ပစ္စည်းမှန်သမျှကို တိုက်ဖျက်ရမည်ဟူသော ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ယခုလို ဆက်ပြောသည်။

ကျနော်တို့က အကြမ်းဖက်စစ်ကောင်စီရဲ့ ဒေါက်တိုင်ဟူသမျှ ကျနော်တို့ ဖြိုခွင်းရမယ့်တာဝန်ရှိတယ်။ သူတို့နဲ့ ပက်သက်ဆက်နွယ်တဲ့ လုပ်ငန်းတွေ သူတို့ကိုအကျိုးပြုပေးနေတဲ့လုပ်ငန်းတွေမှန်သမျှ ကျနော်တို့ဖျက်ဆီးမယ်။ သူတို့သက်ဆိုးရှည်မှာကိုလည်း မလိုလားဘူးဟုကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

ထို့အပြင် ခင်ဦးမြို့နယ်တွင် မည်သည့်နေရာတွင်ဖြစ်စေ စစ်ကောင်စီထုတ်လုပ်သည့်ကုန်ပစ္စည်းများကို သယ်ဆောင်ခြင်းမပြုရန်၊ တွေ့ရှိပါက ဖမ်းဆီးသိမ်းဆည်းကာ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ထပ်မံ သတိပေးထားသည်။

မြန်မာနိုင်ငံတွင် စစ်တပ် အာဏာသိမ်းခဲ့ပြီးချိန်မှစတင်ကာ  စစ်ကောင်စီအဖွဲ့နှင့်ပတ်သက်ဆက်နွယ်သည့် လုပ်ငန်းများမှ ထုတ်လုပ်သောကုန်ပစ္စည်းများကို အာဏာရှင်တွန်းလှန်နေသူများက သပိတ်မှောက်ခဲ့ကြခြင်းဖြစ်သည်။

Show More

Related Articles

Back to top button