သတင်း

ပိတ်မိနေသည့် နန့်သာ ဒေသခံများ အကြမ်းဖက် နှိပ်စက်ခံနေရ

ကချင် စစ်ကိုင်းနယ်စပ် အင်းတော်မြို့နယ်ရှိ နန့်သာကျေးရွာတွင် စစ်ကောင်စီတပ်သားများ ဝင်ရောက်လာစဉ် ထွက်ပြေးခွင့် မရလိုက်သော ဒေသခံ အယောက် ၂၀၀ ကျော်သည် ကျေးရွာအတွင်း ပိတ်မိနေကာ နှိပ်စက်ခံရသူများလည်း ရှိနေကြောင်း စုံစမ်းသိရှိရသည်။

ပြီးခဲ့သည့် မတ်လ ၁၀ ရက်နေ့ စစ်ကောင်စီ တပ်မ ၇၇ မှ အင်အား ၁၀၀ ကျော်သည် ကျေးရွာသို့ ဝင်ရောက်လာစဉ် နန့်သာကျေးရွာမှ လူဦးရေ ၁၅၀၀ ကျော်သည် ကျေးရွာပြင်ဘက်သို့ ထွက်ပြေးလွတ်မြောက်နိုင်ခဲ့သော်လည်း တချို့မှာ ပိတ်မိနေခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အခုရွာထဲပိတ်မိနေတဲ့သူတွေက အပြင်ထွက်လာရင်ရွာထဲကိုပြန်သွားရတယ်။ ပြန်မလာရင် သူတို့က ကျန်ရစ်တဲ့မိသားစုကို တစ်ခုခုလုပ်မယ်တို့ ပြန်မလာတဲ့သူတွေရဲ့အိမ်ကိုမီးရှို့မယ်တို့ခြိမ်းခြောက်ထားတာ အဲ့တော့သူတို့က မပြန်လို့လည်းမရဘူးဟုနန့်သာဒေသခံ အမျိုးသားတစ်ဦးက KNG ကို ပြောသည်။

စစ်ကောင်စီတပ်သည် လက်ရှိကျေးရွာတွင် ကျန်ရှိနေသူများကို အိမ်ထောင်စုအလိုက် နာမည်စာရင်း ကောက်ယူထားပြီး သတ်မှတ်ထားသော မနက် ၆ နာရီနှင့် ည ၅ နာရီထက်ကျော်လွန်ကာ ပြန်လာသူများကို ပြစ်ဒဏ်ပေးသည့်အပြင်  ပြန်မလာသူများ၏ မိသားစုဝင်များကို နှိပ်စက်နေသည်ဟု သိရသည်။

လက်ရှိ နန့်သာကျေးရွာအတွင်းကျန်ရှိနေသူများမှာ စစ်ကြောင်းကျေးရွာတွင်းသို့ဝင်လာသည့်နေ့က အလှူပွဲတွင် ရောက်နေသော သက်ကြီးရွယ်အိုအချို့ နှင့် မိသားစုဝင်များဖြစ်သည်။

အဲ့နေ့က ကျွန်တို့ရွာမှာ အလှူရှိတယ်။ အဲ့မှာလူကြီးလူငယ်ရောက်နေကြတာ စစ်ကြောင်းဝင်တာမသိလိုက်တော့အားလုံး ပိတ်မိကုန်တာ။ အဲ့နေ့မှာပဲ အားလုံးကိုတစ်ခါတည်း ခံဝန်ထိုးခိုင်းတယ် အမျိုးသမီးငယ်တွေလည်းပိတ်မိတဲ့ထဲပါသွားတယ်ဟု နန့်သာကျေးရွာပြင်တွင် စစ်ရှောင်နေသည့် အမျိုးသမီးတစ်ဦးက ပြောသည်။

ယင်းစစ်ကြောင်းသည် ပိတ်မိနေသော ပြည်သူများအနက်အမျိုးသမီးများကို လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ ပြုလုပ်နေသည်ဟု ဒေသခံ အမျိုးသမီးတစ်ဦးက KNG ကိုပြောသည်။

အမျိုးသမီးတွေ ရေချိုးသွား ဘာသွားတောင်ကြောက်နေရတယ်။ ဟိုနေ့ကလည်း အမျိုးသမီးငယ်လေး တစ်ယောက်ဝက်စားကျွေးပြီး ပြန်လာတာ စစ်သားတွေနဲ့တိုးပြီးဖမ်းသွားတာ မဒိန်းကျင့်ခံရတယ်တဲ့ ပြန်မလာတော့ဘူး သတင်းတွေအမျိုးမျိုးကြားနေတော့ သူ့အဖေကအသက်ကြီးပြီ အဲဒါသူ့သမီးသတင်းကြောင့် နှလုံးဖောက်ပြီး သေသွားတယ်။ ကျန်နေတဲ့အမျိုးသမီးလူငယ်တွေကိုလည်း ရွာထဲကလူတွေက လူလွတ်တွေနဲ့ တစ်ယောက်ပြီး တစ်ယောက် အိမ်ထောင်ချပေးနေပြီး စစ်သားတွေကိုကြောက်လို့တဲ့ဟုဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

ထွက်ပြေးလွတ်မြောက်လာသည့် ဒေသခံများ၏ ပြောဆိုချက်အရ စစ်ကောင်စီတပ်သားများသည် အမျိုးသမီးငယ်များအား မုဒိန်းကျင့်ပြီး ၎င်းတို့တပ်စွဲနေထိုင်သည့် စစ်တပ်သို့ ဖမ်းဆီးခေါ်ဆောင်မှုများ ရှိနေသည်ဟု သိရသည်။

နန့်သာကျေးရွာအနီးရှိ တုံ့တော်ရွာ၊ အောင်းကုန်းရွာ နှင့် ဘေပင်ကျေးရွာများရှိ ဒေသခံများသည်လည်း နန့်သာကျေးရွာတွင် တပ်စွဲနေသည့် စစ်ကြောင်းကို ကြောက်၍ တောတောင်များထဲတွင် စစ်ဘေးရှောင်နေရကြောင်း သိရသည်။

Show More

Related Articles

Back to top button