သတင်း

ဆဒုံးတွင် စစ်ကောင်စီ၊ ပြည်သူ့စစ် ပူးပေါင်းတပ် နှင့် KIA တို့အကြား တိုက်ပွဲဖြစ်ပွား

ကချင်ပြည်နယ် ဆဒုံးမြို့အဝင် ရေတံခွန်အနီးတွင် စစ်ကောင်စီတပ်၊ ပြည်သူ့စစ်ပူးပေါင်းတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တို့အကြား ယမန်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

မေလ ၂၁ ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင် ဆဒုံးမြို့အဝင် ရေတံခွန်ဘက်သို့ စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်များ စစ်ကြောင်းထိုးလာစဉ် KIA မှ ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ရွှေမင်းရဲ့ပြည်သူ့စစ်နဲ့ စကစအဖွဲ့ ရေတံခွန်အောက်ဘက်လမ်းကနေပြီး တက်လာတာ ဒီဘက်ကကြားဖြတ်ပြီး ဝင်ပစ်တာဟုတ်တယ် ဟု ပြောသည်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုတွင် စစ်ကောင်စီ၊ ပြည်သူ့စစ်ပူးပေါင်းတပ်ဘက်မှ အင်အား ၅၀ ဝန်းကျင်ရှိပြီး KIA ဘက်မှလည်း အင်အား ၅၀ ဝန်းကျင်ဖြင့် သွားရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ပစ်ခတ်တိုက်ခိုက်မှု တစ်နာရီဝန်းကျင်ခန့်ကြာမြင့်ခဲ့ပြီး ထိခိုက်သေဆုံးမှုအခြေနေကိုတော့ အသေးစိတ်မသိရသေးချေ။

ဆဒုံးရေတံခွန်အနီးတွင်  KIA ၏ ခွင့်ပြုချက်ဖြင့် ဖွင့်ထားသည့် အခွန်ဂိတ်တစ်ခုကို ပြီးခဲ့သည့် မေလ ၈ ရက်နေ့ စစ်ကောင်စီတပ်နှင့် ဦးရွှေမင်းပြည်သူ့စစ်ပူးပေါင်းတပ်များမှ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဂိတ်တွင်ရှိနေသည့် လုပ်ငန်းရှင် ၂ ဦးနှင့် ဂိတ်အနီးစျေးရောင်းနေသည့် အရပ်သားပြည်သူတစ်ဦး စုစုပေါင်း ၃ ဦး ပွဲချင်းပြီးသေဆုံးခဲ့ပြီး စစ်ကောင်စီတပ်နှင့် ဦးရွှေမင်းပြည်သူ့စစ်ပူးပေါင်းတပ်တို့သည် ဂိတ်မှ တရုတ်ယွင်ငွေ ၇ သောင်းအပြင် မြန်မာကျပ်ငွေ သိန်း ၄၀၀ ဝန်းကျင်ကိုလည်း ယူဆောင်သွားကြောင်း သိရသည်။

ထို့နောက် မေလ ၉ ရက်နေ့တွင် စစ်ကောင်စီတပ်၊ ရွှေမင်းပြည်သူ့စစ်ပူးပေါင်းတပ် အင်အား ၃၅ ဝန်းကျင်ရှိသည့်တပ်ဖွဲ့သည် ပစ်သတ်ခဲ့သည့်သူများ နေထိုင်သည့်နေအိမ်သို့ ထပ်မံရောက်ရှိလာပြီး နေအိမ်ကိုမီးရှို့နေစဉ် KIA ဘက်မှ တစ်ဖန်သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်များရှိခဲ့သည်။

ဒေသခံများ၏ ပြောပြချက်အရ ၂၀၂၁ ခုနှစ်အာဏာသိမ်းမှုမဖြစ်ခင် ယင်းအခွန်ကောက်သည့်ဂိတ်သည် စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်တပ်ဂိတ်ထိုင်သည့် နေရာဖြစ်ကြောင်း သိရပြီး အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် KIA ၏ ခွင့်ပြုချက်ဖြင့် လုပ်ငန်းရှင်တစ်ချို့ကောက်ခံနေသည့် ဂိတ်တစ်ခုဖြစ်ကြောင်း သိရသည်။

အဆိုပါ ဂိတ်အား စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်တို့၏ တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှုအတွက် KIA ဘက်မှ တန်ပြန်တိုက်ခိုက်နေခြင်းလည်း ဖြစ်နိုင်ကြောင်း ဒေသခံများက သုံးသပ်ပြောဆိုကြသည်။

မနေ့ကတိုက်ပွဲဖြစ်တာဟုတ်တယ် ကျနော်တို့ကြားရသလောက်တော့ ဦးရွှေမင်းအဖွဲ့နဲ့စစ်သားတွေ ရေတံခွန်ဘက်ကို ကင်းလှည့်တဲ့ချိန် ဒီဘက်ကလာပစ်သွားတာပြောတယ်။ အဲဒီတစ်ဝိုက်ဘဲဖြစ်နေတာ ဟိုတစ်လောကလည်း အဲနားက ဂိတ်ကို စကစအဖွဲ့တွေ လာပစ်သွားတာရှိတယ်။ အဲကြောင့် ဒီဘက်ကလည်း ပြန်လည်တိုက်ခိုက်တဲ့ပုံစံဖြစ်နေတယ်ဟုဆဒုံးဒေသခံတစ်ဦးကပြောသည်။

KIA တပ်မဟာ ၅ အောက် တပ်ရင်း ၃ နယ်မြေဖြစ်သော ဝိုင်းမော်ကံပိုက်တည်သွားသည့် လမ်းမပေါ်တွင်ရှိသည့် ဆဒုံးနယ်မြေတွင် စစ်ကောင်စီတပ်ရင်းများအပြင် ဘောမ်လန်းပြည်သူ့စစ်၊ ဦးရွှေမင်းပြည်သူ့စစ်များလည်း တည်ရှိပြီး အာဏာသိမ်းပြီးနောက် မကြာခနဆိုသလို နှစ်ဖက်ထိတွေ့တိုက်ပွဲပြင်းထန်မှုရှိသည့်နေရာဖြစ်သည်။

Show More

Related Articles

Back to top button