သတင်း

ချီဖွေတွင် ကျောင်းပြောင်းကြမည့် သူများကို ကျောင်းအုပ်က ငွေကြေးကောက်ခံ

ကချင်ပြည်နယ် ချီဖွေမြို့ရှိ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းပြောင်းလက်မှတ်ရယူသော မိဘများထံမှ ကျောင်းအုပ်က ငွေကြေးကောက်ခံနေသဖြင့် ကျောင်းပြောင်းရန် အခက်အခဲဖြစ်နေကြောင်း သိရသည်။

မေလ ၂၃ ရက်နေ့မှ စတင်၍ ချီဖွေမြို့ပေါ်တွင် စာသင်ကျောင်းများ စတင်ဖွင့်လှစ်ရန် အမည်စားရင်း ကောက်ခံနေပြီး တခြားမြို့နယ်ဘက်သို့ ရွှေ့ပြောင်းကြမည့် ကျောင်းသူ/သားများ ကျောင်းပြောင်းလက်မှတ်ရယူရာတွင် ငွေကျပ် ၅ သောင်း ကောက်ခံနေသည်ဟု ချီဖွေဒေသခံတစ်ဦးက KNG ကိုပြောသည်။

ဒီနေ့က စပြီးကျောင်းလက်ခံနေပြီ။ ကျောင်းလက်ခံတာက ငွေကောက်ခံတာရှိမရှိတော့ သေချာမသိရသေးဘူး။ ဒါပေမယ့် ကျောင်းပြောင်းလက်မှတ်ယူတဲ့သူတွေကိုတော့ ကျောင်းအုပ်က ၅ သောင်းယူတယ်လို့ ပြောတယ်။ အရင်နှစ်တွေက ရံပုံငွေလောက်ပဲ ကောက်တာကြားတယ်။ ဒီနှစ်က အဆမတန် ကောက်ခံနေတော့ မတတ်နိုင်တဲ့သူတွေက အချင်းချင်း ပြောဆိုနေကြတယ်ဟုပြောသည်။

လက်ရှိ ကျောင်းပြောင်းလက်မှတ်ရယူသည့် မိဘပြည်သူများက ယခင်နှစ်ထက် ပိုမိုများပြားနေသလို ယခုလို ကျောင်းပြောင်းများလာသည့်အတွက် ငွေကြေးကောက်ခံမှုလည်း ဖြစ်နိုင်သည်ဟု သူက သုံးသပ်ပြောထားသည်။

ကြားရသလောက်က ဒီနှစ်က ကျောင်းပြောင်းယူတဲ့သူတွေများတယ်လို့ပြောတယ်။ ဒါပေမယ့် တစ်ဖက်မှာ ဒီလို ၅ သောင်းအထိကောက်တော့ ကျောင်းသားမိဘတွေက တစ်ချို့က မတတ်နိုင်ကြဘူး။ ပိုက်ဆံရှိတဲ့သူတွေကြတော့ ဘာမှမပြောပေမယ့် တစ်ချို့က အခက်အခဲကြောင့် ပြောင်းရတဲ့သူတွေကြတော့ ငြီးနေကြတယ်ဟုပြောသည်။

သို့သော် လက်ရှိတာဝန်ထမ်းဆောင်နေသော ကျောင်းအုပ်ကြီး ကိုယ်တိုင်က ချီဖွေမြို့သို့ ပြောင်းရွှေ့လာစဉ်က ချီဖွေမြို့ အထက်တန်းကျောင်းတွင် သင်ကြားပေးမည့် ဆရာ/မ ဝန်ထမ်း အားနည်းနေဆဲဖြစ်သောကြောင့် သီးခြားမြို့ပေါ်ကျောင်းများသို့ ပြောင်းရွှေ့လိုသူများအနေဖြင့် ပြောင်းရွှေ့နိုင်ကြောင်း ပြောဆိုထားသည်ဟု သိရသည်။

အဆိုပါ ချီဖွေမြို့ပေါ်မှ ကျောင်းသူ/သားများသည် များသောအားဖြင့် ဝိုင်းမော်၊ မြစ်ကြီးနား စသည့် မြို့ပေါ်ကျောင်းများတွင် သွားရောက်တက်နေကြပြီး ယခုနှစ်တွင် ယခင်နှစ်ထက် ပိုမိုများလာကြောင်းသိရသည်။

ချီဖွေမြို့ အထက်တန်းကျောင်းတွင် နှစ်စဉ် ကျောင်းသား/သူ ၇၀၀ နှင့် ၈၀၀ ဝန်းကျင်အထိရှိပြီး ၈ တန်းမှ ၁၀ တန်းအထိ တက်ရောက်သည့် ကျောင်းသား/သူများ နည်းပါးကြောင်းလည်း သိရသည်။

Show More

Related Articles

Back to top button