မြေယာနှင့် သဘာဝပတ်ဝန်းကျင်သတင်း

လယ်ထွန်လိုသည့်တောင်သူများ စစ်ကောင်စီတပ်ထံ စာရင်းသွင်းပြီး စစ်အုပ်ချုပ်ရေးအောက်တွင် နေရမည်ဟုဆို

အင်းတော်မြို့နယ် နန့်သာကျေးရွာတွင် လယ်ထွန်လိုသော တောင်သူများသည် ကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ထံ နာမည်စာရင်းသွင်းပြီး စစ်အုပ်ချုပ်မှုကို ခံယူရမည်ဟု အမိန့်ထုတ်ထားကြောင်း ဒေသခံများထံမှ သိရသည်။

နန့်သာကျေးရွာအပါအဝင် အနီးနားရှိ အောင်းကုန်း၊ တုံ့တော် နှင့် အင်ပင်ကျေးရွာ ဒေသခံများသည် လွန်ခဲ့သည့် မတ်လ လဆန်းပိုင်းမှစပြီး စစ်ကောင်စီတပ် ဝင်ရောက်လာသောကြောင့် ထွက်ပြေးတိမ်းရှောင်နေရခြင်း ဖြစ်သည်။

စစ်ကြောင်းက နန့်သာရွာထဲမှာရှိနေတယ်ဆိုပေမယ့်အောင်းကုန်းတို့ တုံ့တော်တို့နဲ့က ရွာချင်းဆက်နေတာလေ။ အခုက လယ်ထွန်ချိန်ရောက်ပြီဆိုတော့ အားလုံးက လယ်ပြန်ထွက်ချင်ကြတယ်။ ဒါပေမယ့် စစ်ကောင်စီဘက်က ပြောလာတာက လယ်လာထွန်မယ်ဆို သူတို့ကို နာမည်စာရင်းတွေ လာပေးရမယ်။ မပေးရင် ပေးမထွန်းခိုင်းဘူးပေါ့ နာမည်စာရင်းပေးထားပြီဆိုလည်း ရွာပြန်လာပြီးမှ သူတို့လက်အောက်မှာနေရမယ်။ အဲလိုပြောလာတာဟု အောင်းကုန်းကျေးရွာက စစ်ရှောင်အမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိ ရွာလုံးကျွတ် ထွက်ပြေးနေရသည့် ကျေးရွာများမှာ အောင်းကုန်း၊ တုံ့တော် နှင့် အင်ပင်ကျေးရွာများဖြစ်ပြီး နန့်သာကျေးရွာမှ ပြည်သူများအနည်းစု ပိတ်မိနေဆဲဖြစ်သည်။

ပိတ်မိနေသည့် နန့်သာရွာပြည်သူများ၏ အမည်စာရင်းများကို စစ်ကောင်စီတပ်က ကောက်ယူထားကာ အကြမ်းဖက် ဖိနှိပ်အုပ်ချုပ်မှုများရှိနေသောကြောင့် စစ်ရှောင်ပြည်သူများ နေရပ်ပြန်၍ လယ်ထွန်ကြရန်အခက်အခဲဖြစ်နေကြောင်းလည်း တုံ့တော်ကျေးရွာမှ စစ်ရှောင်အမျိုးသားတစ်ဦးက KNG ကို ပြောသည်။

အခုရွာထဲမှာ ပိတ်မိနေတဲ့ပြည်သူတွေက ဘယ်လိုမှလုပ်မရတော့ဘူး။ သူတို့လက်အောက်မှာနေဖို့အကြပ်ကိုင်ထားတာ ထွက်လာလို့ မရတာ့ဘူး။ အထဲမှာသူတို့စိတ်တိုင်းမကျရင်မကျသလိုရိုက်နက်ခံရတာတွေ အများကြီးရှိတယ်။ ဒါကိုသိသိနဲ့ နာမည်စာရင်းသွားပေးပြီးသူတို့အောက်မှာနေဖို့ကဆိုတာကတော့ မဖြစ်နိုင်ဘူး ဒါပေမယ့် တစ်ဖက်မှာ လယ်ကလည်းထွန်ရမယ်ဟု ပြောသည်။

လက်ရှိ နန့်သာကျေးရွာတွင် ပိတ်မိနေသည့်ပြည်သူများသည် စစ်ကောင်စီတပ်ကို စာရင်းပေးကာ ခံဝန်လက်မှတ်ရေးထိုးထားပြီး ရွာပြင်ထွက်ချိန် မနက် ၆နာရီနှင့် ည ၅ နာရီအချိန်ထိသာသတ်မှတ်ပေးထားသောကြောင့် သတ်မှတ်ချိန်ကျော်လွန်၍ ရွာထဲဝင်လာသူများကို ရိုက်နက်ခြင်းများရှိနေသည့်အပြင် ပြန်မလာသည့်သူများကိုလည်း နေအိမ်မီးရှို့မှုများ ပြုလုပ်နေ‌သောကြောင့် ယင်းစစ်ကြောင်းထံ နာမည်စာရင်းပေးသွင်းပြီး လယ်ထွန်ဖို့အခက်အခဲ ဖြစ်နေကြောင်း စစ်ရှောင်ပြည်သူများထံမှ သိရသည်။

အောင်းကုန်းကျေးရွာတွင် အိမ်ခြေ ၄၄၆ အိမ်၊ လူဦးရေ ၂၅၀၈ဦး၊ တုံ့တော်ကျေးရွာတွင် အိမ်ခြေ ၂၃၅ အိမ်၊ လူဦးရေ ၁၄၄၅ ဦး၊ အင်ပင်ကျေးရွာတွင် အိမ်ခြေ ၉၉ အိမ် လူဦးရေ ၅၀၆ ဦးနှင့် နန့်သာကျေးရွာတွင် အိမ်ခြေ ၂၀၀ တိတိနဲ့လူဦးရေ ၁၁၈၆ ဦးအထိရှိပြီး အဆိုပါ ဒေသခံများသည် လက်ရှိ စစ်ကြောင်းလွတ်သည့်ကျေးရွာများနှင့် တောတောင်များထဲတွင် စစ်ရှောင်နေရကြောင်း သိရသည်။

လက်ရှိ နန့်သာကျေးရွာတွင် တပ်စွဲနေသည့် စစ်ကြောင်းမှာ တပ်မ ၇၇ ဖြစ်ပြီး အင်အား ၁၀၀ ကျော်ပါဝင်ရာ ၂၀၂၃ မတ်လ ၁၀ ရက်နေ့ကတည်းက ဝင်ရောက်လာခြင်း ဖြစ်သည်။

အင်းတော်မြို့နယ်သည် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလတွင် စစ်ကောင်စီတပ်မှ စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့် မြို့နယ်ဖြစ်သည်။

Show More

Related Articles

Back to top button